Sunday, August 5, 2012

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး

  • (ရုပ်နာမ်တရားတို့ကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ဝေဖန်ဟောကြားသော ပဋိစ္စသမုပ္ပါဒ်ဝိဘင်း)

    ၁ - သုတ္တန္တဘာဇနီယ
    (သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားသော သုတ္တန္တဘာဇနီယနည်း)

    ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး


    (၁) သစ္စာလေးပါးတို့ကို မသိခြင်း 'အဝိဇ္ဇာ'ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ' တို့ ဖြစ်ကုန်၏။

    (၂) ပြုပြင်စီရင်မှု 'သင်္ခါရ'ဟူသော အကြောင်းကြောင့် သိမှု 'ဝိညာဏ်' သည် ဖြစ်၏။

    (၃) သိမှု 'ဝိညာဏ်'ဟူသော အကြောင်းကြောင့် 'နာမ်ရုပ်' သည် ဖြစ်၏။

    (၄) 'နာမ်ရုပ်'ဟူသော အကြောင်းကြောင့် 'အာယတန' ခြောက်ပါးသည် ဖြစ်၏။

    (၅) 'အာယတန' ခြောက်ပါးဟူသော အကြောင်းကြောင့် တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။

    (၆) တွေ့ထိမှု 'ဖဿ'ဟူသော အကြောင်းကြောင့် ခံစားမှု 'ဝေဒနာ'သည် ဖြစ်၏။

    (၇) ခံစားမှု 'ဝေဒနာ'ဟူသော အကြောင်းကြောင့် တပ်မက်မှု 'တဏှာ'သည် ဖြစ်၏။

    (၈) တပ်မက်မှု 'တဏှာ'ဟူသော အကြောင်းကြောင့် စွဲလမ်းမှု 'ဥပါဒါန်' သည် ဖြစ်၏။

    (၉) စွဲလမ်းမှု 'ဥပါဒါန်'ဟူသော အကြောင်းကြောင့် 'ဘဝ'သည် ဖြစ်၏။

    (၁ဝ) 'ဘဝ'ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ' သည် ဖြစ်၏။

    (၁၁) ပဋိသန္ဓေနေခြင်း 'ဇာတိ'ဟူသော အကြောင်းကြောင့် အိုခြင်း 'ဇရာ', သေခြင်း 'မရဏ' သည်ဖြစ်၏။

    (၁၂) အိုခြင်း 'ဇရာ', သေခြင်း 'မရဏ'ဟူသော အကြောင်းကြောင့် စိုးရိမ်ပူဆွေး ခြင်း 'သောက'၊ ငိုကြွေးခြင်း 'ပရိဒေဝ'၊ ကိုယ်ဆင်းရဲခြင်း 'ဒုက္ခ'၊ စိတ်ဆင်းရဲခြင်း 'ဒေါမနဿ'၊ ပြင်းစွာပူလောင်ခြင်း 'ဥပါယာသ' တို့သည် ဖြစ်ကုန်၏။ ဤဆိုခဲ့ပြီး သောနည်းဖြင့်ချမ်းသာနှင့် မရောသော ဤဆင်းရဲမှု အစုအပုံ၏ ထင်ရှားဖြစ်ပေါ် ခြင်းသည် ဖြစ်၏။

    ပဋိစ္စသမုပ္ပါဒ်သုတ္တန်နည်း-မှ၊ ဝိဘင်္ဂင်္ပါဠိတော်၊ အဘိဓမ္မာပိဋက။

Wednesday, August 1, 2012

သဗ္ဗဇယမင်္ဂလာ ဂါထာ

ဂါထာဖြစ်ပေါ်လာပုံ
အရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားရှင်၏ အသရေတော်ကို နေရောင်၊ လရောင်၊ ဈာန်ဝင်စားနေသူ၏ ကိုယ်ရောင်၊ ကောသလမင်းကြီး၏ တင့်တယ်သော အသရေတို့ဖြင့် နိုင်းယှဉ်ပြီး ချီးကျူးလျှောက်ကြားတော်မူသောအခါ မြတ်စွာဘုရားရှင်က ဒိဝါ တပတိ” အစရှိသော ဤဂါထာတော်ကို ဟောကြားတော်မူခဲ့ပါသည်။
ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိ မာ ။
သန္နဒ္ဓေါ် ခတ္တိယော တပတိ ၊ ဈာယီ တပတိ ဗြဟ္မဏော ။
အထ သဗ္ဗမဟာရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။


အာဒိစ္စော ၊ နေမင်းသည် ။ ဒိဝါ ၊ နေ့အခါ၌ ။ တပတိ ၊ လောက အလယ် တင့်တယ်ပါပေ၏ ။

စန္ဒိ မာ ၊ လမင်းသည် ။ ရတ္တိံ ၊ ညဥ့်အခါ ၌ ။ ဘာတိ ၊ နှစ်သက်ဖွယ် တင့်တယ်ပါပေ၏ ။

သန္နေဒ္ဓေါ ၊ချပ်ဝတ်တန်ဆာ စုံလင်ဆင်ယင်ထားသော ။ ခတ္တိယော ၊ ပြည့်ရှင်မင်းသည်။ တပတိ ၊ တင့်တယ်ပါပေ၏ ။

ဈာယီ ၊ သမာပတ် ၀င်စား လျက်ရှိသော ။ ဗြဟ္မဏော ၊ရဟန္တာ ပုဂ္ဂိုလ် သည် ။ တပတိ ၊ တင့်တယ်ပါပေ၏။

အထ ၊ ထိုမှ ကြူး၍ ထူးသည်ကား ။
 ဗုဒ္ဓေါ ၊ မြတ်စွာဘုရားသည် ၊သဗ္ဗံ ၊ အလုံးစုံသော။ အဟောရတ္တိံ၊ နေ့ညဥ့်ကာလပတ်လုံး၊ တေဇသာ၊ တန်ခိုးတော် အနန္တ ဖြင့်၊ တပတိ ၊ အံ့သြ လောက်ဖွယ် လောကအလယ်၌ တင့်တယ်ပါပေ၏။
မင်္ဂလာရှိဖို့ သဗ္ဗမင်္ဂလာ ဂါထာကို ရွတ်ကြပါစို့ ။
ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အရာခပ်သိမ်း လောကီလောကုတ္တရာ ကျက်သရေမင်္ဂလာ တိုးတက်စေနိုင်သည်။ ဥစ္စာစီးပွား ကြီးပွားတိုးတက်ပြီး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကာ အရာရာကို အောင်မြင်နိုင်သည်။

သီဟိုဠ်ကျွန်း (သီရိလင်္ကာ)ကျွန်း ဘာတိကမင်းလက်ထက် ပညာရှိအမတ်ကြီးတဦးသည် မင်းတရားကြီးက ပိဋကတ်သုံးပုံထဲက ရတနာသုံးပါးလုံးပါတဲ့ ဇယမင်္ဂလာ အောင်ခြင်းဂါထာတပုဒ်ကို ရွတ်ဆိုပါ ခိုင်းရာ ဤ ဒိဝါ တပတိ ဂါထာကို ရွတ်ဖတ်ပူဇော်ရာ မင်းတရားကြီးက ဆုတော်ငွေ-၁၀၀၀-ချီးမြှောက်ခဲ့သည်။ ထို့ကြောင့် ဤဂါထာကို တထောင်တန် ဒိဝါ တပတိ ဂါထာ-ဟုလည်း အမည်တွင်လျက် ရှိသည်။ ဤဂါထာကို နေ့စဉ်မှန်မှန် ရွတ်ပါက ရာထူးတိုးခြင်း အထက်လူကြီး၏ မျက်နှာသာပေး မြှောက်စားခြင်း ခံရမည်။ 
 Source: http://myittaryik.blogspot.sg မှဓမ္မဒါန ကူးယူဖေါ်ပြသည်။