Thursday, July 19, 2012

ဝဋ်သုံးပါး

ဝဋ်သုံးပါး

ဝဋ် ဆိုသည် ထပ်ကာထပ်ကာ ဖြစ်နေသည်ကိုဆိုပါသည်။ကောင်းတာလုပ်လျှင် ကောင်းကျိုး ခံစားရပြီး၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရမည်ဟူကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကံကံ၏ အကျိုးကို နားလည်ကြပါသည်။

မိမိပြုသမျှကံများ ဧကန်မချ မိမိထံပြန်လာလေသည်။ တနည်း မိမိပြုခဲ့သော မကောင်းမှုများအတွက် ၀ဋ်ကြွေးများ ကို ပေးဆပ်ရမည်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် မလွတ်ပါချေ။


လောဘ-ဒေါသများဖြင့် အဟုတ်ထင်- အတည်ယူ ငြိတွယ်ဆုပ်ကိုင်ကာ ပြုလုပ်သော ပြုလုပ်မှုများတွင် တန်ပြန်သက်ရောက်မှုများ မဆုံးနိုင်အောင်ရှိနေလေသည်။


ကျွန်ုပ်တို့ အတိတ်ဘ၀၊ ယခုဘ၀ များတွင် ပြုလုပ်ခဲ့သော ကံများ ၀ဋ်ကြွေးများ အင်္သချေ (မရေမတွက်နိုင်အောင်) ရှိလေသည်။

ထိုကံကြွေး၊ ၀ဋ်ကြွေးများကို ကျေအောင် ခန္ဓာဖြင့်သာ ဆပ်ရပါက...ဆပ်လိုက် ထပ်တင်လိုက်နှင့် အဆုံးမရှိပါချေ။

သဲအင်းဂူဆရာတော်ကြီးမှ ခန္ဓာဖြင့်သာ ၀ဋ်ကြွေးများပေးဆပ်ရပါက ကျွန်တော်တို့တတွေ စားခဲ့သော ငါးခြောက်ပြား ကြီးများ ဘ၀လည်း တချိန်တွင် ပြန်ရောက်ကာ ပြန်လည်အစားခံရဦးပေမည်။ ဟု လည်းကောင်း၊ မိုးကုတ်ဆရာတော်ကြီးမှ အရိုးတွေ တောင်လိုပုံအောင် ခန္ဓာဖြင့် ဘ၀တွေ ပေးဆပ်ခဲ့ပြီးသော်လည်း အဆုံးမရှိနိုင်သေး ဟု ဆုံးမပါသည်။
 ဒီလိုဆိုရင် အဆိုပါ ၀ဋ်ကြွေးများကို မည်သို့ ပေးဆပ်ပါမှ ကျေအေး ကုန်ခမ်းပါမည်နည်း။

အဆိုပါ ၀ဋ်ကြွေးများကို အမှန်တကယ် ပြေစေ ကြေစေလိုပါက ''ငါ(သူ)ကောင်းတာလုပ်လျှင် ငါ(သူ)ခံရတယ်။ ငါ(သူ)မကောင်းတာလုပ်လျှင် ငါ(သူ)မကောင်းတာခံရတယ်။" ဆိုသော ငါ(သူ) ပုဂ္ဂိုလ် သတ္တ၀ါ ရှုထောင့်ထက် ပိုမို ကျော်လွန်ကာ လေးလေးနက်နက်  နားလည်ဖို့လိုအပ်ပါသည်။


 ပဋိစ္စသမုပ္ပါဒ်ဒေသနာလာ ဘ၀၏အမှန်တရားဖြစ်သော ၀ဋ်ကြွေး သုံးပါး (၀ဋ် သုံးပါး)အကြောင်း ကို ကျွန်တော်တို့ .....
ငါ(သူ) ပုဂ္ဂိုလ် သတ္တ၀ါ ရှုထောင့်ထက် ကျော်လွန်ကာ သေချာစွာ နားလည်ဖို့လိုအပ်ပေသည်။


ကိလေသ၀ဋ်
ကမ္မ၀ဋ်
ဝိပါက၀ဋ်

 ကိလေသ၀ဋ် နှင့် ကမ္မ၀ဋ် တို့ကြောင့် ........... ၀ိပါက၀ဋ် တို့ မဆုံးနိုင် ထပ်တလဲလဲ ဖြစ်နေသည်။

 ကိလေသ၀ဋ် (၃) ပါး
 ၁) အ၀ိဇ္ဖာ ..... (တသမတ်တည်းသောဖောက်ပြန်ပျက်စီးမှု အမှန်တရား-သစ္စာတရား ကို မသိမှု                                             နားမလည်မှု၊ နားလည်မှုအမှား၊ မှားသောအယူအဆ၊ အထင်မှားမှု) 
ဆုပ်ကိုင်လို့ မရတဲ့ ၊ အတည်ယူလို့မရတဲ့ တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ) အမှန်တရားတကယ်ဖြစ်နေတာကို နားမလည်မသိသောကြာင့် (အ၀ိဇ္ဖာကြောင့်)

၂) တဏှာ ......(ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်မှု၊ မနှစ်သက်မှု၊ ကြိုက်မှု၊ မကြိုက်မှု)
ငါပဲ၊ သူတပါးပဲ၊ တစ်ခုခုပဲ၊ တစ်ယောက်ယောက်ပဲ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ဟူ၍ လည်းကောင်း တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူတပါး၊ အချိန်၊ နေရာ၊ ပူတာ အေးတာ၊ ဆင်းရဲတာ၊ ချမ်းသာတာ၊ တင်းတာ၊ လျော့တာ၊ ကောင်းတာ ဆိုးတာ တွေကို တကယ်ဖြစ်နေသည် ဟူ၍  အထင်မှားကာ ..(ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်မှု၊ မနှစ်သက်မှု၊ ကြိုက်မှု၊ မကြိုက်မှု)

၃) ဥပါဒါန် ...... (စွဲလန်းမှု၊ ငြိတွယ်မှု)
 (စွဲလန်းမှု၊ ငြိတွယ်မှု)ဥပါဒါန် တို့ ဖြစ်ပေါ်လေသည်။ 

ခ)ကမ္မ၀ဋ် (၂) ပါး
၁) သင်္ခါရ        
တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ) သည် ရှေ့က ပျက်စီးနှင့်ခဲ့ပြီးသော မရှိတော့သည် ပျက်စီးမှုခဲ့မှုအရှိန်များကို အရှိလုပ်လျှက် -
ငါပဲ၊ သူတပါးပဲ၊ တစ်ခုခုပဲ၊ တစ်ယောက်ယောက်ပဲ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ဟူ၍ လည်းကောင်း တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူတပါး၊ အချိန်၊ နေရာ၊ ပူတာ အေးတာ၊ ဆင်းရဲတာ၊ ချမ်းသာတာ၊ တင်းတာ၊ လျော့တာ၊ ကောင်းတာ၊ ဆိုးတာ ဟူ၍ ပုံဖော် အသက်သွင်း ဖန်တီးပြုလုပ်မှုကြောင့်
၂) ကမ္မဘ၀  ထို ငါပဲ၊ သူတပါးပဲ၊ ရုပ်ပဲ၊ ဝေဒနာပဲ၊ စိတ်ပဲ၊ အတွေးပဲ၊ ပူပန်မှုပဲ၊ သောကစိတ်ပဲ၊ ဘာစိတ်ပဲ၊       ညာစိတ်ပဲ စသည်ဖြင့်
  - အဟုတ်ထင်၊ အတည်ယူ ဆုပ်ကိုင်နေမှု ။...

  - အတည်ယူ-ဆုပ်ကိုင်နေအောင် ပြုလုပ်နေမှု တို့ ဖြစ်ပေါ်လေသည်။
(တနည်း) ကာယကံ၊ ၀စီကံ၊ မနောကံတွေဖြစ်စေလေသည်။ .....ဖြစ်နေလေသည်။
ဂ) ၀ိပါက၀ဋ် (၈)ပါး
၁) ၀ိဥာဏ် (သိမှုသဘော ဆောင်သည့် (၀ါ) သိမှုသဘောကို ဖန်တီးပြုလုပ်နေသည့် ဖောက်ပြန်ပျက်စီးမှု)
၂) နာမ်ရုပ်  (သိတတ်သောသဘော နှင့် မသိတတ်သောသဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု )
၃)သဠာယတန (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)
၎) ဖဿ  (မျက်စိ+အဆင်း၊ နား+အသံ၊ နှာခေါင်း+အနံ့၊ လျှာ+အရသာ၊ ကိုယ်+တွေ့ထိစရာ၊ စိတ်+ကြံတွေးစရာ) စသည်ဖြင့် တိုက်ဆိုင်မှု
၅) ဝေဒနာ (ခံစားမှု သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)
၆) ဇာတိ (ဖြစ်ခြင်း ၊ မွေးခြင်း၊ ဘ၀ဖြစ်ခြင်း သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)
၇) ဇရာ (အိုခြင်း  Decaying ရင့်ရော်ခြင်းသဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု )
၈) မရဏ (သေခြင်း၊ ပျက်စီးခြင်း သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု )  တို့ မဆုံးနိုင်ဖြစ်ကြရလေသည်။
 
 ပူမှု-အေးမှု (တေဇောဓါတ်)၊
မာမှု၊ ပျော့မှု ၊ တင်းမှု၊ လျော့မှု (ပထ၀ီဓါတ်)၊
လှုပ်မှု၊ ငြိမ်မှု (၀ါယောဓါတ်)၊
ယိုစီးမှု၊ ဖွဲ့စည်းမှု (အာပေါဓါတ်) ဟု
ထင်မှတ်ရလောက်အောင် လျင်မြန်လွန်းသော ဖောက်ပြန်ပျက်စီးမှုများ။ (ရုပ် ခန္ဓာ တစ်ပါး)
 ခံစားမှု (ဝေဒနာ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
မှတ်သားမှု ၊ ပုံဖော်မှု၊ ဆုံးဖြတ်မှု (သညာ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
စေ့ဆော်မှု (သင်္ခါရ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
သိမှု (၀ိဥာဏ်) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။   (နာမ် ခန္ဓာလေးပါး)
 စုစုပေါင်း ခန္ဓာငါးပါး (ဒုက္ခသစ္စာ) (တနည်းအားဖြင့်) တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှုတွေ မဆုံးနိုင် အောင် ထပ်တလဲလဲ ရနေ - ဖြစ်နေခြင်း ကို ၀ိပါက၀ဋ် ဖစ်နေခြင်း ဟု ခေါ်ပါသည်။





  အထက်ဖော်ပြပါ ကမ္မ၀ဋ် နှစ်ပါး နဲ့ ကိလေသ၀ဋ် သုံးပါး ထပ်တလဲလဲ ဖြစ်နေပါက -
ဝိပါက ၀ဋ် ရှစ်ပါး တို့လည်း မဆုံးနိုင်အောင် ထပ်တလဲလဲ ဖြစ်နေမည်။


 ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ တစ်ဦးဦး၊ တစ်ယောက်ယောက်က ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် များခံနေရသည် ပေးဆပ်နေရသည့် သဘောမဟုတ်ဘဲ၊ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် ဟူသော တသမတ်တည်းသော ထပ်တလဲလဲသော ဖောက်ပြန်ပျက်စီးမှုများသက်သက်သာ ဖြစ်နေခြင်း ကို ...........ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ တစ်ဦးဦး၊ တစ်ယောက်ယောက်၊ အကောင်းအဆိုး၊ အနိမ့် အမြင့်၊ ဆင်းရဲ ချမ်းသာ၊ အပူ အအေး၊ တင်းမှု လျော့မှု၊ အထင်သေးစရာ အထင်ကြီးစရာ၊ အမှား အမှန် စသည်ဖြင့် ထင်မှတ်မှားနေရကြောင်း နားလည် လက်ခံ ယုံကြည် နှလုံးသွင်းဆင်ခြင်နေနိုင်ဖို့ လိုအပ်ပါသည်။

ကိလေသ၀ဋ် သုံး ပါး နှင့် ကမ္မ၀ဋ် နှစ်ပါးကို သမုဒယသစ္စာ ဟု ခေါ်ဆိုနိုင်ပါသည်။

  မိမိကိုယ်၌ဖြစ်စေ၊ မိမိနှင့် သက်ဆိုင်သမျှတို့ ၌ဖြစ်စေ၊ မိမိ၏ လိုလားတောင့်တချက်များ၌ဖြစ်စေ တဏှာပါနေ သမျှ ဘ၀သံသရာသည် အတိုင်းမသိ ရှည်းလျား၍ အစကို မမှန်းဆနိုင်သလို အဆုံးသို့ လည်း ရောက်နိုင်တော့မည် မဟုတ်ချေ။
      စိတ်အလိုလိုက်စား မိုက်မှားတတ်သော ပုထုဇဉ်သားပီပီ အ၀ိဇ္ဇာ မျက်လုံးများဖြင့် လူ့ လောက လူ့ ဘ၀ကို သာယာပျော်ရွှင်ဖွယ် မြင်၏။ သို့ ရာတွင် ဆန့် ကျင်ဘက် တရားများသည် အစဉ်အမြဲ ဒွန်တွဲလျက်ရှိရာ သာသာပျော်ရွှင်ဖွယ် ထင်မြင်ခဲ့ သော လောကကြီးသည် ရံခါ ၀မ်းနည်းကြေကွဲစေကာ သောကကို ပေးတတ်၏။ ရံခါ၌မူ စိတ်ဆိုးစိတ်ပျက်ဖွယ် အသွင်ဆောင်လျက် ဒေါသကိုလည်း ခံစားစေတတ်၏။
      အနိဋ္ဌာရုံ အဖုံဖုံနှင့် ကြုံဆုံရသောအခါ ဤလောကကြီးသည် သာသာပျော်ရွှင်ဖွယ် အသွင်သဏ္ဍာန်ကွယ်ပျောက်လျက် စက်ဆုပ်ငြီးငွေ့ ဖွယ် ဖြစ်လာ၏။ စင်စစ်မှာတော့ ကံကြမ္မာ ဖန်လာသမျှ လက်ခံကြရသည့် လူသားများအဖို့ မိမိတို့ အလိုဆန္ဒအတိုင်း အမြဲတစေ ဖြစ်နေလေအောင် မည်သို့ တတ်နိုင်ပါမည်နည်း။
      ဘ၀ကို တွယ်တာမြတ်နိုး အားကိုနေသမျှ တံလျှပ်ကို ရေထင်သည့် ရွှေသမင်နှယ်သာ ဖြစ်ရပါလိမ့်မည်။ မျက်မှန်စိမ်း တပ်ပေးထားသဖြင့် ကောက်ရိုးကို မြက်ထင်သည့် မြင်းကဲ့ သို့ အ၀ိဇ္ဇာတည်းဟူသော မျက်လုံးကြောင့် ချမ်းသာအတုကို ချမ်းသာအစစ်ထင်ကာ လူ့ ဘ၀မှာ အသက်ရှည် ပျော်ရွှင်စွာ နေထိုင်လိုကြပေလိမ့်မည်။
      အ၀ိဇ္ဇာက လှည့်စား၍ တဏှာက ဖြားယောင်းသဖြင့် မသာယာသင့်သည်ကို သာယာလျက် ဘ၀လွတ်မြောက်ရေးအတွက် မကြိုးပမ်းသေးသမျှ သံသရာ ပြေးလမ်းတစ်လျှောက် ပန်းတိုင်းပျောက်ကာ ချာချာလည် နေမည်သာ ဖြစ်လေ၏။
      ဥာဏ်မျက်လုံးဖြင့် ကြည့်တတ်မှသာလျှင် ဘ၀ကို ခန္ဓာငါးပါးဟု မြင်၏။ ခန္ဓာငါးပါးကို ပီပီပြင်ပြင် မြင်နိုင်မှ ခန္ဓာငါးပါး၏ အပြစ်သည်လည်း ကြည်ကြည်လင်လင် ထင်လာနိုင်၏။ အပြစ်ထင်ရှားစွာ ထင်မြင်မှ ခင်မင် နှစ်သက် တပ်မက်ခြင်း ကင်းမည်ဖြစ်၏။ ရွံရှာစက်ဆုပ် ငြီးငွေ့ မည် ဖြစ်၏။ ဘ၀ကို ရွံရှာစက်ဆုပ် ငြီးငွေ့ မှသာ လွတ်မြောက်အောင် အားထုတ်မည်ဖြစ်၏။
      ဘ၀မှ လွတ်မြောက်အောင် အားထုတ်လိုပါမူ တဏှာကို အမြစ်ပြတ်သည်အထိ ပယ်သတ်ရပေလိမ့်မည်။ သို့ ရာတွင် အမြစ်ပြတ် ပယ်သတ်ဖို့ ထား၍ တကယ်တမ်း တွေ့ အောင် ရှာဖို့ ပင် မလွယ်ချေ။ တဏှာကို မပယ်သတ်နိုင်ပြန်လျှင်မူ တဏှာကပေးသော ဘ၀သစ်တို့ အစဉ်မပြတ် တရစပ်လည်ပတ်လျက် ဒုက္ခနှင့်သာ နှောင်ဖွဲ့ နေရမည် ဖြစ်၏။ သို့ ကြောင့် တဏှာတွေ့ အောင် ရှာဖို့ နှင့် တဏှာပြတ်အောင် ဖြတ်ဖို့ မည်သို့ ပင် ခက်ခဲစေကာမူ လူသားတိုင်း၏ ပဓာန ရည်မှန်းချက် ဖြစ်သင့်၏။
      အမှန်အားဖြင့် ဘ၀ပန်းတိုင်ဟူသည် တဏှာမှ လွတ်မြောက်ခြင်းဖြစ်၏။ တဏှာမှ လုံးဝလွတ်မြောက်လျှင် လုံးဝချမ်းသာမည်။ တဏှာမှ လုံးဝ လွတ်မြောက်ခြင်းကိုသာ ချမ်းသာအစစ် ဟုဆို၏။
      ထိုချမ်းသာအစစ်သည် ပုထုဇဉ်တို့ ခံစားလေ့ ရှိသည့် ဝေဒယိတသုခ မဟုတ်ပေ။ ခံစားစရာ အနေဖြင့် မဟုတ်ဘဲ ကိလေသာအပူ ကင်းငြိမ်းခြင်း၊ ဆင်းရဲဒုက္ခ ချုပ်ဆုံးခြင်းကို ဆို၏။ သန္တိသုခ ဖြစ်၍ နိဝါန(၀ါ) နိဗ္ဗာန မည်၏။
      နိဗ္ဗာန်တွင် ရုပ်နာမ် မရှိ။ ရုပ်နာမ် မရှိသောကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်း၏။ သင်္ခါရ အဖြစ်နှင့် အပျက်တို့ မှ ကင်းဆိတ်၏။ ပုံသဏ္ဍာန် အထည်ဒြပ် မရှိ။ ခံစားရန် အာရုံမရှိ။ ခံစားစရာလည်း မရှိ။ တည်ရာ ဘုံဌာနလည်း မဟုတ်။
      လောကသဘောအားဖြင့် ဘာမျှ မဟုတ်မရှိသော နိဗ္ဗာန်သည် လောကလွန် သဘောအားဖြင့်မူ ထာဝစဉ် ရှိနေ၏။ အရာခပ်သိမ်းတို့  ကင်းဆိတ်နေသော သဘောတရားတည်း။
      စင်စစ် နိဗ္ဗာန်သည် အသစ်အသစ်ဖြစ်သော တရားလည်း မဟုတ်။ ထင်ရှားဖြစ်နေသော တရားလည်း မဟုတ်။ အကြောင်းများစွာကြောင့် ဖြစ်ပေါ်လာသော တရားလည်း မဟုတ်။ သို့ သော်ကား ပရမတ္ထအားဖြင့် အဟုတ်ရှိ အစစ်ရှိ ဖြစ်၏။
      အချို့ က နိဗ္ဗာန်ကို အဘာဝ ပညတ်သဘော ယူဆကြ၏။ ဘာမျှ မရှိခြင်းကို နိဗ္ဗာန်ဟု စွဲယူ၏။ အကယ်၍ နိဗ္ဗာန်သည် မဟုတ်ရှိသော ပရမတ္ထတရား မဖြစ်ပါမူ(၀ါ) အဘာဝ ပညတ်သက်သက်ဟု မှတ်ချက်ချပါမူ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ ချုပ်ငြိမ်းခြင်းဟူသည် မရှိနိုင်စကောင်းပေ။
      နိဗ္ဗာန် အစစ်အမှန်ရှိသောကြောင့် နိဗ္ဗာန်ကို အာရုံပြုသည့် မဂ်စိတ် ဖိုလ်စိတ်တို့ ဖြစ်ပေါ်ပြီး ဘ၀သံသရာမှ လွတ်မြောက်သွားကြ၏။ ‘အရိယ သစ္စာန ဒဿနံ’ အရ သစ္စာလေးပါးကို တစ်ပြိုင်တည်း သိမြင်ခြင်းသည် နိဗ္ဗာန်မြင်ခြင်း ဖြစ်၏။ နိဗ္ဗာန်ကို အာရုံပြုနိုင်သည့် အရိယမဂ်ဥာဏ်ဖြင့် သစ္စာလေးပါးကို တစ်ပြိုင်တည်း ထိုးထွင်းသိမြင်မှု သစ္ဆိကာတဗ္ဗ ဖြစ်၏။
      ပုထုဇဉ်တို့ ၏ သစ္စာသိခြင်းကား တစ်ပြိုင်တည်း ထိုးထွင်းသိမြင်ခြင်းမဟုတ်။ လောကီဝိပဿနာဥာဏ်ဖြင့် ဒုက္ခသစ္စာကို သိခြင်း၊ ကြောင်းကျိုးဆက် သဘောကို သိမြင်၍ သမုဒယသစ္စာကို ပယ်ခြင်း၊ လောကီ မဂ္ဂသစ္စာကိုပွားခြင်း၊ ကြားနာလေ့ လာထားသော သုတဖြင့် နိရောဓသစ္စာ(၀ါ) နိဗ္ဗာန်ကို အနုမာနအားဖြင့် မှန်းဆကာ အာရုံညွတ်ခြင်း...စသည် နှလုံးသွင်း ဆင်ခြင်ကာ တစ်ပါးစီသာ သိ၏။
      အမှန်အားဖြင့် နိဗ္ဗာန်သည် ပုထုဇဉ်တို့ ၏ အရာမဟုတ်။ လောကုတ္တရာမဂ်၏ အစွမ်းကြောင့် အရိယာဖြစ်ပြီး သော ပုဂ္ဂိုလ်တို့ သာလျှင် နိဗ္ဗာန်အာရုံကို မျက်မှောက်ဒိဋ္ဌ ပြုနိုင်၏။
      ‘သဗ္ဗေဓမ္မာ အနတ္တာ’ အရ နိဗ္ဗာန်သည် အတ္တမဟုတ်၊ အနတ္တ ဖြစ်၏။ အနတ္တဖြစ်သော နိဗ္ဗာန် ကို အတ္တတန်းလန်းဖြင့် ရှာဖွေ၍မရ။ အတ္တကို ပယ်သတ်မှ နိဗ္ဗာန် ရှာတွေ့ နိုင်၏။ အတ္တ မပယ်သတ်နိုင်သရွေ့  နိဗ္ဗာန်ကို ရှာတွေ့ မည် မဟုတ်ပေ။
      လောကုတ္တရာ ကိုးပါးအားလျော်သော ပဋိပတ် အကျင့်မြတ်ဖြင့် အာသ၀တရားများ ကုန်ခန်းပြီးသော ရဟန္တာ တို့ သည် ပန်းတိုင်တွင် ပန်းဝင်ခဲ့ကြပြီ။ သို့ သော် သက်တမ်း မကုန်ရသေးရကား ဣနြေ္ဒခြောက်ပါး ကျန်ရှိသေး၏။ ဣနြေ္ဒခြောက်ပါး ကျန်းရှိစေကာမူ ဣဋ္ဌ အနိဋ္ဌ ဟူသမျှတို့ ၌ စေတသိကဝေဒနာ ငြိမ်းကာ သိကာမတ္တ သဘောဖြင့်သာ နေတော်မူကြ၏။ ယင်းသို့ စေတသိကဝေဒနာ ငြိမ်းလျက် ကိလေသာ ကင်းပြတ်နေခြင်းကို ‘ကိလေသနိဗ္ဗာန်’ ဟုဆို၏။ ခန္ဓာကျန်သေးသဖြင့် ‘သဥပါဒိသေသနိဗ္ဗာန်’ ဟူ၍လည်း ဆို၏။
      ရဟန္တာတို့ ၏ စုတိစိတ် အခြားမဲ့ ၌ ခန္ဓာငါးပါး ဇာတ်သိမ်းချုပ်ငြိမ်းခြင်းကမူ ‘ခန္ဓပရိ နိဗ္ဗာန်’ (၀ါ) ‘အနုပါဒိသေသ နိဗ္ဗာန်’ မည်ပါ၏။
      ‘သဥပါဒိသေသနိဗ္ဗာန်’ နှင့် ‘အနုပါဒိသေသ နိဗ္ဗာန်’ သည် ခန္ဓာကြွင်းနှင့် ခန္ဓာကင်းသာ ကွာခြား၏။ နိဗ္ဗာန်ကား တစ်မျိုးတည်းဟု ယူမှတ်အပ်ပါ၏။
      မြင့်မြတ်သော ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံအောင် အားထုတ်သူသည် နိဗ္ဗာန်နှင့် နီးသူ ဖြစ်၏။ ကာမဂုဏ်အာရုံတို့ ၌ ကိလေသာ တဏှာဖြင့် သာယာနှစ်သက် တပ်မက်စွဲလမ်းနေသူသည် နိဗ္ဗာန်နှင့်ဝေးသူ ဖြစ်ပေ၏။
      လူ့ ဗာလ လူ့ အန္ဓတို့ သည် ကာမဂုဏ်သာ မြတ်နိုး၏။ နိဗ္ဗာန်ကို အလိုမရှိ။
      ပညာရှိသူတော်ကောင်းတို့ ကား နိဗ္ဗာန်သာလျှင် အတိုင်းမသိ မြတ်နိုး၏။ ကာမဂုဏ်ကို အလိုမရှိ။
      မည်သို့ ပင်ဖြစ်စေ...
      နိဗ္ဗာန်သည် ဘ၀၏ပန်းတိုင်...ဘ၀၏ အမြင့်ဆုံးတန်ဖိုး ဖြစ်သည်ကို မှတ်သားအပ်ပါ၏။


Source: www.mmcybermedia.com မလေးငြိမ်း မှ ဓမ္မဒါန ကူးယူဖေါ်ပြသည်။






 

No comments:

Post a Comment