Monday, July 30, 2012

ရတနာသုံးပါး ဦးထိပ်ထား


ရတနာသည် စိတ်ကိုရွှင်လန်းဝမ်းမြောက်စေတတ်၏။ ရှားပါး၍ အဖိုးထိုက်တန်၏။ နှစ်သက်မြတ်နိုးဖွယ်လည်း ဖြစ်၏။

စန်ရွှေငွေပတ္တမြားပုလဲ စသည်တို့သည် လောကီရတနာများဖြစ်ကြ၏။ သားသမီး,မြေးမြစ်, ဆင်မြင်းစသည်တို့သည်လည်း လောကီရတနာများဟု ခေါ်၏။

ဘုရား၊တရား၊သံဃာ(ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ)တို့ကို လောကုတ္တရာ ရတနာများဟု ခေါ်၏။

ဤလောက၌ ဘုရား၊ တရား၊ သံဃာတို့သည် အရှားပါးဆုံး၊ အဖိုးအထိုက်တန်ဆုံး၊ နှစ်သက်မြတ်နိုးဖွယ်အကောင်းဆုံး ရတနာများဖြစ်ကြ၏။ ထို့ကြောင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာတို့ကို ရတနာမြတ်သုံးပါးဟု ခေါ်၏။

ဗုဒ္ဓရတနာသည် တရားအလုံးစုံကို အလိုလိုသိမြင်နိုင်သော သဗ္ဗညုတဥာဏ်ပိုင်ရှင် မြတ်ဘုရားဖြစ်သည်။

မြတ်ဘုရားပွင့်သောအခါနှင့် ကြုံကြိုက်ရန် အလွန်ခဲယဉ်း၏။ ထို့ကြောင့် ဗုဒ္ဓတရနာသည် အလွန်ရှားပါးသောရတနာဖြစ်၏။


လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ရှိသော စိန်,ကြောင်,နီလာ,သန္တာ,ဂေါ်မုတ်, ဥဿဖယား, ပတ္တမြား, မြ, ပုလဲ, ရတနာကိုးပါး(နဝရတ်)တို့ထက် ဗုဒ္ဓရတနာသည် အမြတ်ဆုံးရတနာဖြစ်၏။ မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာတို့ ချမ်းသာကောင်းစားရန် အများဆုံးအကျိုးဆောင်ပေးသော ပုဂ္ဂိုလ်ဖြစ်၏။ မြတ်စွာဘုရားကို ဖူးတွေ့ရသူများသည် ရွှင်လန်းဝမ်းမြောက်ကြရ၏။ အဖိုးမဖြတ်နိုင်သော ကုသိုလ်ကောင်းမှုကို ရရှိကြ၏။

ထို့ကြောင့် ဗုဒ္ဓရတနာသည် အမြတ်ဆုံး ရတနာတပါးဖြစ်သည်။

ဓမ္မရတနာသည် မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ္တိဟု ဆိုအပ်သော တရား ၁၀-မျိုးဖြစ်သည်။ ဤရတနာတို့သည် လောက၌ အမြင့်မြတ်ဆုံး တရားများဖြစ်ကြ၏။

ဓမ္မရတနာကို မြတ်စွာဘုရားသာသနာအတွင်း၌သာ မြင်တွေ့နိုင်သည်။ ထို့ကြောင့် ဓမ္မရတနာသည် အလွန်ရှားပါးသော ရတနာတစ်ပါးဖြစ်၏။

လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ ရှိကြသောရတနာအားလုံးထက် ဓမ္မရတနာက ပို၍ အဖိုးတန်၏။

တရားတော်ကို နာကြားရသူသည် နှစ်သက်ဝမ်းမြောက်ရ၏။ ကျင့်ကြံပွားများလျှင် ပို၍ နှစ်သက် ဝမ်းမြောက်ရ၏။ နိဗ္ဗာန်ချမ်းသာမှာ အကောင်းဆုံးချမ်းသာဖြစ်၍ နိဗ္ဗာန်သည် နှစ်သက်ဖွယ် အကောင်းဆုံးတရားဖြစ်၏။

ထို့ကြောင့် ဓမ္မရတနာသည် အမြတ်ဆုံးရတနာတစ်ပါးဖြစ်၏။

သံဃာရတနာသည် အရိယာသံဃာနှင့် သမ္မုတိသံဃာဟူ၍ ၂-မျိုးရှိ၏။ အရိယာပုဂ္ဂိုလ် ၈-မျိုးကို ပရမတ္ထသံဃာဟုလည်းခေါ်၏။ သိမ်၌ ကမ္မဝါဖတ်၍ ရဟန်းဖြစ်သော ပုဂ္ဂိုလ်တို့ကို သမ္မုတိသံဃာဟုခေါ်၏။

သံဃာတော်သည် မြတ်စွာဘုရားသာသနာအတွင်း၌ပေါ်ပေါက်နိုင်၏။ ထို့ကြောင့် သံဃာရတနာသည် အလွန်ရှားပါးသောရတနာတစ်ပါးဖြစ်၏။

လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ ရှိကြသောရတနာအားလုံးထက် သံဃာရတနာက ပို၍ အဖိုးတန်၏။

သံဃာတော်ကို ရိုသေလေးမြတ်စွာ ဆည်းကပ်ကိုးကွယ်သူတို့သည် အဖိုးမဖြတ်နိုင်သော ကောင်းကျိုးချမ်းသာကို ရရှိကြ၏။

ထို့ကြောင့် သံဃာရတနာသည် အမြတ်ဆုံးရတနာတစ်ပါးဖြစ်၏။

ကျက်မှတ်စရာ ရတနာသုံးပါး ဦးထိပ်ထား ကဗျာ

၁။ ဗုဒ္ဓရတနာ အတုမဲ့ပါ မှန်စွာအမြတ်ဆုံး။
၂။ ဓမ္မရတနာ အတုမဲ့ပါ မှန်စွာအမြတ်ဆုံး။
၃။ သံဃာရတနာ အတုမဲ့ပါ မှန်စွာအမြတ်ဆုံး။
၎။ မြတ်နိုးယုယ ပန်ဆင်ကြ ဗုဒ္ဓမြတ်ရတနာ။
၅။ မြတ်နိုးယုယ ပန်ဆင်ကြ ဓမ္မမြတ်ရတနာ။
၆။ မြတ်နိုးယုယ ပန်ဆင်ကြ သံဃာမြတ်တရနာ။
၇။ ကောင်းဂုဏ်ပြည့်ဝ မြင့်မြတ်ရ သုခတိုးပွားမှာ။
၈။ ရတနာသုံးပါး လေးနက်ထား ဝတ်တွားရိုသေပါ။

Source: http://dhmmas.blogspot.com မှ ဓမ္မဒါန ကူးယူဖေါ်ပြသည်။

No comments:

Post a Comment