မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ပရိတ်တော်များ၊ ဂါထာတော်များက အစွမ်းထက်မြက်ပြီးသား တရားတော်များသာဖြစ်ပါတယ်။ရွတ်ဆိုသူများဘက်က ချွတ်ယွင်းချက်များမရှိပါက အမှန်ပင်အစွမ်းထက်မြက်လှ တယ်လို့ဆိုရမှာပါ။ ရွတ်ဖတ်သူများဘက်က နည်းစနစ်မကျ၍သော်လည်းကောင်း၊ ချွတ်ယွင်းချက်များရှိ၍သာ အကျိုးပေးမမှန် ဖြစ်ရသလို အစွမ်းမထက်မြက်သလို ဖြစ်နေတာပါဟု ဆိုချင်ပါတယ်။ဒါကို တစ်ချို့က မိမိချွတ် ယွင်းချက်၊စနစ်မကျမှုများကို သတိမထားဘဲ ပရိတ်တော်၊ဂါထာတော်များက အစွမ်းမထက်မြက်သလို ထင်နေကြပါတယ်။ထိုထိုသော သံသယများကင်းစေလိုသဖြင့် ပရိတ်ရွတ်ဆိုတဲ့အခါ ဂါထာများရွတ်ဆိုတဲ့ အခါသတိထားစဉ်ဆင်စရာများနှင့် တန်ခိုးထက်မြက်အောင် ဘယ်လိုရွတ်ဆိုရမည်စတဲ့ ရွတ်ဆိုပုံလေးကို ပြောပြဖို့လိုလာတာဖြစ်သဖြင့် အတတ်နိင်ဆုံး အကောင်းဆုံးဖြစ်အောင်ရေးသားလိုက်ပါတယ်။
၁။အဝတ်အစားများကို လဲသင့်လျှင်လဲရမည်။ (ဆိုလိုတာက မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရားတရား တော်များကို မရိုမသေဖြစ်စေမည့် အဂါရဝ အဝတ်အစားများကို လဲသင့်သည်ဟုဆိုလိုခြင်းဖြစ်ပါတယ်။) ယောဂီအဝတ်အစားကို (လုံးဝ) ဝတ်ဆင်ပြီးရွတ်ဆိုရမည်ဟုမဆိုလိုပါ။သင့်တင့်မည့်၊ ရိုသေစေမည့် (ဂါရဝ) ဖြစ်စေမည့် အဝတ်အစားမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ခြေ၊လက်၊ခံတွင်းတို့ကို သုတ်သင် ကြည်လင်သန့်ရှင်း စေရမည်။
၂။ပရိတ်ရွတ်ဆိုသောပုဂ္ဂိုလ်များကဲ့သို့ မိမိတို့ရွတ်ဆိုသော ပရိတ်တော်၊ဂါထာတော်၊ဂုဏ်တော်များ၏ အနက်၊ အဓိပ္ပါယ်ကိုလည်းသိထားရမည်။သိအောင်လုပ်ရမည်။(အတိအကျ မသိတာတောင် အကြမ်းဖျဉ်း) သိထားရမည်။အတိအကျ သိထားပါက ပိုကောင်းမည်။ကျက်သင့်သောအရာကို ကျက်ထားသင့်သည်။မိမိ ရွတ်ဆိုလိုက်သော ပါဠိ၏ အဓိပ္ပါယ်ကို ရွတ်ဆိုရင်း နှလုံးသွင်းနေရမည်။
၃။ဘယ၊လာဘ၊ကုလာစာရ လို့ခေါ်တဲ့ ကြောက်ခြင်း၊လိုချင်ခြင်း၊မိရိုးဖလာ လုပ်ရိုးလုပ်စဉ်ကြောင့် လုပ်ရသောစိတ်၊(ယုံကြည်မှုသဒ္ဓါ၊ပိုင်ခြားဝေဖန်တဲ့ပညာ မပါသော မလေးနက်သော စိတ်)မျိုးမဖြစ်စေရ။
၎။ရောဂါဖြစ်သောအခါ တစ်စုံတစ်ရာ ဒုက္ခဖြစ်သောအခါတို့၌ မိမိတို့ရွတ်ဆိုအပ်သော ပရိတ်တော် ဂါထာတော်များပို၍ အစွမ်းအာနိသင် ထက်စေလိုလျှင် ရေ၊ဆီ၊သဲ၊ချည် ၊လက်ကိုင်ပဝါစသည်တို့ကို ရွတ်ဆိုသူ၏လက်နှင့် ထိတွေ့ကိုင်တွယ်ထားပြီး ရွတ်ဆိုပါ။ဤသို့ ပြုလုပ်ခြင်းကို မြတ်စွာဘုရားရှင်တို့၏ အာဏာစက်သွင်းခြင်းဟုခေါ်ပါသည်။လောကီနည်းမဟုတ်၊ဝိနည်းအဋ္ဌကထာ၌လာသော လုပ်ထုံးလုပ်နည်း ဖြစ်၏။
၅။မိမိလုပ်နေကျ ဓမ္မဝတ်ကို ပုံမှန်လုပ်ရမည်။စွဲစွဲမြဲမြဲ ဝတ်ထားပြီး လုပ်ရမည်။သို့မှသာ ပို၍ထိရောက်မည်။ ဆွမ်းဝတ်၊ ရေတွင်း ရေကန် ကျောင်းဝတ်နှင့် ရွတ်ဆိုနှလုံးသွင်းမှု(အိမ်မှာအမြဲရွတ်ဆိုသူ၊အလုပ်သွားရင်း ကားပေါ်၊ရထားပေါ် ရွတ်ဆိုလေ့ရှိသူ၊ ဘုရားသွားသည့်အခါ ရွတ်ဆိုလေ့ရှိသူ)စတဲ့ ဝတ်ထားပြီး ပြုအပ်သော ကုသိုလ်ဝတ်ရှိသူသည် သရဏဂုံ ငါးပါးသီလ မြဲသောသူဖြစ်သဖြင့် အပါယ်မကျနိုင်ပါ။ ဤဝတ်တွေမြဲသောသူသည် သောတာပန်နှင့်တူတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
၆။သုတ်တော်၊ပရိတ်တော်၊ဂါထာတော်များကို ရွတ်ဖတ်ရာ၌လည်းကောင်း၊တရားဘာဝနာလုပ်၌ လည်းကောင်း၊ထေရဝါဒစစ်စစ် ဘာသာရေး အလုပ်မှန်သမျှ၌ ပုတီးဘယ်နှစ်ပတ် စိပ်ရမည်။ဂါထာကို ဘယ်နှစ်ခေါက်ရွတ်ရမည်ဟု သတ်မှတ်ချက်မထားသင့်ပါ။ဤသတ်မှတ်ချက်များသည် ဂိုဏ်းမှကူးစက်လာ သော အမူအကျင့်များဖြစ်သည်။ဂိုဏ်း အမူ အကျင့်နှင့် ထေရဝါဒ ကွဲပြားခြားနားအောင် ကျင့်ဆောင်ရမည်။ ထို့ကြောင့် မိမိစိပ်နိုင်သလောက်၊ရွတ်နိုင်သလောက်ရွတ်ဆိုလိုခြင်းဖြစ်ပါတယ်။
၇။ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ရွတ်ဆိုအပ်သော ပါဠိတော်များသည် ကမ္ဘာပေါ်ရှိ ဘာသာစကားတို့တွင် အမြတ်ဆုံးသော စကားဖြစ်ကြသည်ဟု ဟောတော်မူထား၏။စကားလုံးတိုင်း စကားလုံးတိုင်း၌ လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းဖြည့်ကျင့်အပ်သော ပါရမီအင်အားများ ပါနေသောကြောင့် ဤသို့ အစွမ်းထက်သည်ဟု အာရုံပြုရမှာဖြစ်ပါတယ်။
(မှတ်ချက်)။ ။ အိမ်မှာရွတ်ဆိုသူ၊ဘုရားသွားတဲ့အခါရွတ်ဆိုသူများဟာ အထက်ပါအချက်များ အားလုံးပြည့်စုံမည်ဆိုပါက ပရိတ်တော်များအစွမ်းထက်မည်ဖြစ်ပါသည်။ လမ်းသွားရင်း၊ကားစီးရင်၊ရထားစီး ရင်းသွားတဲ့အခါမှာတော့ နံပါတ်(၁)အချက်ကခက်ခဲနေပါလိမ့်မည်။မကိုက်ညီဘဲ ဖြစ်နေနိုင်ပါသည်။ထို(၁) အချက်နဲ့ မကိုက်ညီလို့ မရွတ်ဆိုမှုမဖြစ်စေဘဲ တောင်တွေး မြောက်တွေး တွေးနေမည့်အစား ဟိုအကြောင်း ဒီအကြောင်းပေါက်ကရပြောနေမည့်အစားနံပါတ်(၁)အချက်ကိုကြဉ်ပြီးရွတ်ဆိုမှုပြုလုပ်ပါလို့တိုက်တွန်း လိုတာပါ။ အလုပ်လုပ်ရင်း ၊ခရီးသွားရင်း ကားစီးရင်း ရထားစီးရင်း ပရိတ်တော်၊ဂါထာတော်၊ ဂုဏ်တော် များကိုပွားများအားထုတ်ပါလို့ထပ်ဆင့်တိုက်တွန်းလိုက်ပါတယ်။ ထိုသို့ရွတ်ဆိုမည်ဆိုပါကလည်း မြတ်စွာဘုရား တရားတော်များကို ကြည်ညိုခြင်းဖြစ်သဖြင့် ဓမ္မဒေသနာ ကုသိုလ်တရားများဖြစ်စေပါတယ်။
အစွမ်းထက်မြက်စေရန်နောက်ထပ်တစ်နည်းက
၁။အချိန်ကြာမြင့်စွာ အမြဲမမြတ်ရွတ်ဆိုခြင်း။
၂။အကြိမ်များစွာ ရွတ်ဆိုခြင်း။
၃။စိတ်တည်ငြိမ်စွာရွတ်ခြင်း။
၎။ယုံကြည်စွာရွတ်ခြင်း။
၅။ အနက်အဓိပ္ပါယ် ဆင်ခြင်၍ရွတ်ဆိုခြင်း ဟူသောအင်္ဂါ ငါးရပ်နှင့်ပြည့်စုံစွာ ရွတ်လျှင် အမှန်မုချ အစွမ်း သတ္တိ ထက်မြက်စေနိုင်ပါသည်။ယင်းသို့ ရွတ်ဆိုခြင်းဖြင့် ဆန္ဒ၊ဝီရိယ၊သမာဓိ၊ပညာ၊ စိတ်ဟူသော အစွမ်း သတ္တိကြီးမား၍ စူးရှထက်မြက်သည့် တရားကြီးများ ဖြစ်ပေါ်လာကာ ဟေတု၊အာရမ္မဏ၊ အဓိပတိ၊အနန္တရ စသော ပဋ္ဌာန်းပစ္စည်းသတ္တိများစွာ၏ အင်အားများ ပေါင်းစပ်ပါဝင်သောကြောင့် ဖြစ်ပါသည်။
တစ်ဆက်တည်းအနေနဲ့ တရားခွေများမှ ပရိတ်တော်များကိုနားကြားသူ၊ဆရာတော်များရွတ်ဆိုတဲ့အခါ နာကြားသူ၊ သူတစ်ပါး ရွတ်ဆိုတဲ့အခါ နာကြားသူများအနေနဲ့ ပြည့်စုံရမယ့်အင်္ဂါလေးပါးကိုပါထည့်သွင်း ဖော်ပြလိုက်ပါတယ်။
၁။(အမိကိုသတ်ခြင်းစတဲ့) ပဉ္စာနန္တရိယကံ ဟူသော ကမ္မန္တရာယ်မရှိခြင်း။
၂။(ကံ ကံ၏ အကျိုးကို မယုံကြည်ခြင်း) နိယတ မိစ္ဆာဒိဋ္ဌိဟူသော ကိလေသန္တရာယ် မရှိခြင်း။
၃။ပရိတ်ပါဠိတော်၏ ဂုဏ်ကျေးဇူးကို သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့်ပြည့်စုံခြင်း။
၎။ပရိတ်ပါဠိတော်ကို ရိုသေလေးစားစွာနာယူခြင်း တို့ဖြစ်ပါတယ်။
စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhmma.blogspot.com
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
Credit to to: Dezin
No comments:
Post a Comment