Wednesday, May 30, 2012

အနတ္တလက္ခဏသုတ် ရှစ်လုံးဖွဲ့မြန်မာကဗျာများ


နိုင်ငံတော် ဩဝါဒါစရိယ
ညောင်ရွှေမြို့
သာသနဝိပုလရွှေဂူစာသင်တိုက်
ပဓာနနာယကဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသ
သီကုံးရေးသားအပ်သော
အနတ္တလက္ခဏသုတ်
ရှစ်လုံးဖွဲ့ မြန်မာကဗျာများ

(အမွှန်း)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


၁။         သင်္ချေလေးရပ် သိန်းကပ်ခါမှီ၊
အလောင်းမင်းသိဒ္ဓတ် ဖြည့်လတ်ပါရမီ။
ဘဝနောက်ဆုံး ပေါင်းရုံးစုံညီ၊
မြတ်ဗုဒ္ဓ ပွင့်ရချိန်တန်ပြီ။      ။

၂။         သက္ကရာဇ်ထုံး ရာ့သုံးနှစ်ခွင်၊
ကဆုန်လစန်း ပြည့်ဝန်းနေ့တွင်။
လုံးစုံတရား သိငြားကုန်စင်၊
မြတ်ဘုရား ပွင့်ငြားရွှေပလ္လင်။            ။

၃။         သစ္စာလေးပါး တရားမှန်ကို၊
လောကထွတ်ထား ထင်ရှားပြလို။
သဟမ္ပတိ မည်ရှိရွှေကိုယ်၊
ပန်လျှောက်ထား သနားစိတ်ပိုမို။        ။

၎။         သက္ကရာဇ်ထုံး ရာ့သုံးနှစ်ခွင်၊
ကဆုန်လစန်း ပြည့်ဝန်းနေ့တွင်။
ဥဒည်လဝန်း ပေါ်ထွန်းလာစဉ်၊
ဖလ်နေဝန်း နောက်ကျွန်းလုလုဝင်။     ။

၅။         ဝဂ္ဂီပဉ္စ ဓမ္မမိတ်ဆွေ၊
သားငှက်ဘေးမဲ့ ပေးတဲ့မြိုင်ခြေ။
အရိယာ,တက်ဆင်း သေဌ်နင်းအောင်မြေ၊
တရားဦး ရင့်ကျူးပရမေ။     ။

၆။         ဓမ္မစက္က ဟောပြလေလျှင်၊
ဝဂ္ဂီရဟန်း ကျွတ်တန်းထေစဉ်။
သောတာပန်များ ဖြစ်ငြားကုန်စင်၊
ဝါဆိုလ ဆုတ်ထငါးရက်တွင်။            ။

ရ။         ပြည်ဗာရာဏ အရိယအောင်မြေ၊
သားငှက်ဘေးမဲ့ ပေးတဲ့မြိုင်ခြေ။
လွတ်မြောက်ဖို့ကျိုး မျှော်ကိုးရှာဖွေ၊
အနတ္တ ဟောပြလက္ခဏေ။               ။

၈။         (သုမိတ္တာ)မည်ရ ဓမ္မစကြာ၊
မျိုးချစ်သမီး ဖွဲ့စည်းတည်ကာ။
(ထွေဦးစီးရုံး) ရွှင်ပြုံးကြည်သာ၊
မြတ်ဘုရား ဝတ်တွားပူဇော်ပါ။           ။

၉။         အနတ္တတရား ပွားများစေရည်၊
လွတ်မြောက်ဖို့ကျိုး မျှော်ကိုးယုံကြည်။
ရှင်တော်မြတ်စွာ့ အနတ္တရွှေစည်၊
ရွတ်ဆိုမွှန်း ဆော်ရွမ်းပါတော့မည်။
(သာဓု… သာဓု… သာဓု…)
 နိဒါန်း

၁။         အခါတစ်ပါး ဘုရားစိန္တေ၊
ပြည်ဗာရာဏ အရိယအောင်မြေ။
သားငှက်ဘေးမဲ့ ပေးတဲ့မြိုင်ခြေ၊
အိုချစ်သား မြွက်ကြားဝဂ္ဂိယေ။          ။

၂။         အို,မြတ်ဘုရားဟု လျှောက်ထားသံဝါ၊
ဝဂ္ဂီများက ပြန်ကြားသည့်ခါ။
လွတ်မြောက်ဖို့ကျိုး မျှော်ကိုးဖွေရှာ၊
ဤတရား ဟောကြားမြတ်ဗုဒ္ဓါ။          ။

 ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ

၁။         ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် ရုပ်ဓာတ်တွေဟာ၊
အနတ္တ မှတ်ကြဧဝကာ။       ။

၂။         ရုပ်ဓာတ်အများ ဖြစ်ငြားအတ္တာ၊
ကျင်နာခံခက် နှောင့်ယှက်ကင်းကွာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်ရနိုင်မှာ။     ။

၃။         အနတ္တမို့ များစွာ့ရုပ်မှာ၊
ဖောက်ပြန်နှောင့်ယှက် ခံခက်ကျင်နာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်မရပါ။        ။

၎။         ရူပံဤရုပ် ရေမြှပ်သဏ္ဍာန်၊
အနိစ္စပဲ မမြဲအမှန်။
မကင်းဘဲမို့ ဆင်းရဲပူပန်၊
အနတ္တ မှတ်ကြဧဝကန်။      ။

 ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ

၁။         ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် နာမ်ဓာတ်ဝေဒနာ၊
အနတ္တ မှတ်ကြဧဝကာ။       ။

၂။         ဝေဒနာခံစား ဖြစ်ငြားအတ္တာ၊
ကျင်နာခံခက် နှောင့်ယှက်ကင်းကွာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်ရနိုင်မှာ။     ။

၃။         အနတ္တမို့ များစွာ့ဝေဒနာ၊
ဖောက်ပြန်နှောင့်ယှက် ခံခက်ကျင်နာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်မရပါ။        ။

၎။         ဝေဒနာစက် ရေပွက်သဏ္ဍာန်၊
အနိစ္စပဲ မမြဲအမှန်။
မကင်းဘဲမို့ ဆင်းရဲပူပန်၊
အနတ္တ မှတ်ကြဧဝကန်။      ။

 သညာက္ခန္ဓာ အနတ္တဖြစ်ပုံ

၁။         ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် နာမ်ဓာတ်သညာ၊
အနတ္တ မှတ်ကြဧဝကာ။       ။

၂။         သညာမှတ်သား ဖြစ်ငြားအတ္တာ၊
ကျင်နာခံခက် နှောင့်ယှက်ကင်းကွာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်ရနိုင်မှာ။     ။

၃။         အနတ္တမို့ များစွာ့သညာ၊
ဖောက်ပြန်နှောင့်ယှက် ခံခက်ကျင်နာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်မရပါ။        ။

၎။         သညာနာမ်ဓာတ် တံလျှပ်သဏ္ဍာန်၊
အနိစ္စပဲ မမြဲအမှန်။
မကင်းဘဲမို့ ဆင်းရဲပူပန်၊
အနတ္တ မှတ်ကြဧဝကန်။      ။

 သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ

  ၁။         ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် နာမ်ဓာတ်သင်္ခါရာ၊
အနတ္တ မှတ်ကြဧဝကာ။       ။

၂။         ပြုပြင်မှုများ ဖြစ်ငြားအတ္တာ၊
ကျင်နာခံခက် နှောင့်ယှက်ကင်းကွာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်ရနိုင်မှာ။     ။

၃။         အနတ္တမို့ များစွာ့သင်္ခါရာ၊
ဖောက်ပြန်နှောင့်ယှက် ခံခက်ကျင်နာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်မရပါ။        ။

၎။         သင်္ခါရက္ခော ငှက်ပျောသဏ္ဍန်၊
အနိစ္စပဲ မမြဲအမှန်။
မကင်းဘဲမို့ ဆင်းရဲပူပန်၊
အနတ္တ မှတ်ကြဧဝကန်။      ။

  ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ

 ၁။         ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် နာမ်ဓာတ်ဝိညာ၊
အနတ္တ မှတ်ကြဧဝကာ။       ။

၂။         ဝိညာဏ်သိများ ဖြစ်ငြားအတ္တာ၊
ကျင်နာခံခက် နှောင့်ယှက်ကင်းကွာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်ရနိုင်မှာ။     ။

၃။         အနတ္တမို့ များစွာ့ဝိညာ၊
ဖောက်ပြန်နှောင့်ယှက် ခံခက်ကျင်နာ။
ဤသို့သင်ဖြစ် မဖြစ်ဤဟာ၊
အလိုသင့် ပြုခွင့်မရပါ။        ။

၎။         ဝိညာဏ်စက်ဖွဲ့ မျက်လှည့်သဏ္ဍန်၊
အနိစ္စပဲ မမြဲအမှန်။
မကင်းဘဲမို့ ဆင်းရဲပူပန်၊
အနတ္တ မှတ်ကြဧဝကန်။      ။
(သာဓု… သာဓု… သာဓု…)

 (၆) ရူပက္ခန္ဓာ၌ လက္ခဏာရေး (၃)ပါး

မေး။      ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် ရုပ်ဓာတ်တွေဟာ၊
မြဲ, မမြဲ ဓာတ်ခွဲဖြေဆိုပါ။      ။

ဖြေ။       ရုပ်ဓာတ်ခပင်း အတွင်းဇာတ်မှာ၊
မြဲနှင့် မမြဲ ဓာတ်ခွဲကြည့်ရာ။

ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စ မုချ မမြဲပါ။  ။

မေး။      ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စပဲ မမြဲရုပ်ဟာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ဘယ်ဟာလဲ ဝေခွဲဖြေဆိုပါ။  ။

ဖြေ။       ဖြစ်ပျက်မစဲ ပြောင်းလဲရုပ်ဟာ၊
အနိစ္စပဲ မမြဲလို့သာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ပူလောင်စွဲ ဆင်းရဲအစစ်ပါ။               ။

မေး။      ဖောက်ပြန်ဆင်းရဲ မမြဲရုပ်မှာ၊
ရုပ်ဟာငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
သင့်မည်လား ရှုစားပိုဂါဟာ။ ။

ဖြေ။       ဖောက်ပြန်ဆင်းရဲ မမြဲရုပ်မှာ၊
ရုပ်ဟာငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
စွဲလမ်းလို့ ရှုဖို့မသင့်ပါ။        ။

 ၇) ဝေဒနာက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး

 မေး။      ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် နာမ်ဓာတ်ဝေဒနာ၊
မြဲ, မမြဲ ဓာတ်ခွဲဖြေဆိုပါ။      ။
ဖြေ။       ဝေဒနာခပင်း အတွင်းဇာတ်မှာ၊
မြဲနှင့် မမြဲ ဓာတ်ခွဲကြည့်ရာ။
ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စ မုချ မမြဲပါ။  ။


မေး။      ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စပဲ မမြဲဝေဒနာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ဘယ်ဟာလဲ ဝေခွဲဖြေဆိုပါ။  ။
ဖြေ။       ဖြစ်ပျက်မစဲ ပြောင်းလဲဝေဒနာ၊
အနိစ္စပဲ မမြဲလို့သာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ပူလောင်စွဲ ဆင်းရဲအစစ်ပါ။               ။


မေး။      ဖောက်ပြန်ဆင်းရဲ မမြဲဝေဒနာ၊
ဝေဒနာငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
သင့်မည်လား ရှုစားပိုဂါဟာ။ ။
ဖြေ။       ဖောက်ပြန်ဆင်းရဲ မမြဲဝေဒနာ၊
ဝေဒနာငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
စွဲလမ်းလို့ ရှုဖို့မသင့်ပါ။        ။

 (၈) သညာက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး

 မေး။      ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် နာမ်ဓာတ်သညာ၊
မြဲ, မမြဲ ဓာတ်ခွဲဖြေဆိုပါ။      ။
ဖြေ။       သညာခပင်း အတွင်းဇာတ်မှာ၊
မြဲနှင့် မမြဲ ဓာတ်ခွဲကြည့်ရာ။
ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စ မုချ မမြဲပါ။  ။

မေး။      ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စပဲ မမြဲသညာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ဘယ်ဟာလဲ ဝေခွဲဖြေဆိုပါ။  ။

ဖြေ။       ဖြစ်ပျက်မစဲ ပြောင်းလဲသညာ၊
အနိစ္စပဲ မမြဲလို့သာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ပူလောင်စွဲ ဆင်းရဲအစစ်ပါ။               ။

 မေး။      ဖောက်ပြန်ဆင်းရဲ မမြဲသညာ၊
သညာငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
သင့်မည်လား ရှုစားပိုဂါဟာ။ ။

ဖြေ။       ဖောက်ပြန်ဆင်းရဲ မမြဲသညာ၊
သညာငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
စွဲလမ်းလို့ ရှုဖို့မသင့်ပါ။        ။


(၉) သင်္ခါရက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး

မေး။      ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် နာမ်ဓာတ်သင်္ခါရာ၊
မြဲ, မမြဲ ဓာတ်ခွဲဖြေဆိုပါ။      ။
ဖြေ။       သင်္ခါရခပင်း အတွင်းဇာတ်မှာ၊
မြဲနှင့် မမြဲ ဓာတ်ခွဲကြည့်ရာ။
ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စ မုချ မမြဲပါ။  ။

မေး။      ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စပဲ မမြဲသင်္ခါရာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ဘယ်ဟာလဲ ဝေခွဲဖြေဆိုပါ။  ။
ဖြေ။       ဖြစ်ပျက်မစဲ ပြောင်းလဲသင်္ခါရာ၊
အနိစ္စပဲ မမြဲလို့သာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ပူလောင်စွဲ ဆင်းရဲအစစ်ပါ။               ။

မေး။      ဖောက်ပြန်ဆင်းရဲ မမြဲသင်္ခါရာ၊
သင်္ခါရငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
သင့်မည်လား ရှုစားပိုဂါဟာ။ ။
ဖြေ။       ဖောက်ပြန်ဆင်းရဲ မမြဲသင်္ခါရာ၊
သင်္ခါရငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
စွဲလမ်းလို့ ရှုဖို့မသင့်ပါ။        ။



 (၁၀) ဝိညာဏက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး

မေး။      ဖြစ်ပြီး ဖြစ်ဆဲ နောင်လဲဖြစ်မှာ၊
ကိုယ်တွင်းကိုယ်ပ နုရွခက်မာ။
ဝေးနီးယုတ်မြတ် နာမ်ဓာတ်ဝိညာ၊
မြဲ, မမြဲ ဓာတ်ခွဲဖြေဆိုပါ။      ။
 ဖြေ။       ဝိညာဏ်ခပင်း အတွင်းဇာတ်မှာ၊
မြဲနှင့် မမြဲ ဓာတ်ခွဲကြည့်ရာ။
ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စ မုချ မမြဲပါ။  ။

 မေး။      ဖြစ်ပျက်မစဲ ပြောင်းလဲမြန်စွာ၊
အနိစ္စပဲ မမြဲဝိညာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ဘယ်ဟာလဲ ဝေခွဲဖြေဆိုပါ။  ။
 ဖြေ။       ဖြစ်ပျက်မစဲ ပြောင်းလဲဝိညာ၊
အနိစ္စပဲ မမြဲလို့သာ။
ချမ်းသာဆင်းရဲ ဆင့်ကဲဖွေရှာ၊
ပူလောင်စွဲ ဆင်းရဲအစစ်ပါ။               ။

 မေး။      ဖောက်ပြန်ဆင်းရဲ မမြဲဝိညာ၊
ဝိညာဏ်ငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
သင့်မည်လား ရှုစားပိုဂါဟာ။ ။
 ဖြေ။       ဖောက်ပြန်ဆင်းရဲ မမြဲဝိညာ၊
ဝိညာဏ်ငါပဲ မှတ်စွဲလို့သာ။
ငါပိုင်စိုးရ ငါမှငါသာ၊
စွဲလမ်းလို့ ရှုဖို့မသင့်ပါ။        ။


 ရုပ်တရားကို ဂါဟသုံးပါးဖြင့် မစွဲယူအပ်ပုံ


(က)      ရုပ်အပေါင်းနှင့် နာမ်ပေါင်းခန္ဓာ၊
အနိစ္စ ဒုက္ခ အနတ္တသာ။
ဧကန်စင်စစ် သို့ဖြစ်လေရာ၊
အိုချစ်သား ရှုပွားဤသို့ပါ။    ။
 (ခ)        လုံးစုံထွေပြား ရုပ်သားတွေဟာ၊
ငါပိုင်ဥစ္စာ့ မဟုတ်ကြပါ။
ငါလဲမဖြစ် အနှစ်စင်ကွာ၊
ရှုပွားအပ် ဉာဏ်မြတ်ဟုတ်မှန်စွာ။                  ။


ဝေဒနာကို ဂါဟသုံးပါးဖြင့် မစွဲယူအပ်ပုံ

        လုံးစုံထွေပြား ခံစားဝေဒနာ၊
ငါပိုင်ဥစ္စာ့ မဟုတ်ကြပါ။
ငါလဲမဖြစ် အနှစ်စင်ကွာ၊
ရှုပွားအပ် ဉာဏ်မြတ်ဟုတ်မှန်စွာ။                  ။

သညာကို ဂါဟသုံးပါးဖြင့် မစွဲယူအပ်ပုံ

  လုံးစုံထွေပြား မှတ်သားသညာ၊
ငါပိုင်ဥစ္စာ့ မဟုတ်ကြပါ။
ငါလဲမဖြစ် အနှစ်စင်ကွာ၊
ရှုပွားအပ် ဉာဏ်မြတ်ဟုတ်မှန်စွာ။                  ။

သင်္ခါရကို ဂါဟသုံးပါးဖြင့် မစွဲယူအပ်ပုံ


 ။           လုံးစုံထွေပြား ပြုငြားသင်္ခါရာ၊
ငါပိုင်ဥစ္စာ့ မဟုတ်ကြပါ။
ငါလဲမဖြစ် အနှစ်စင်ကွာ၊
ရှုပွားအပ် ဉာဏ်မြတ်ဟုတ်မှန်စွာ။                  ။

ဝိညာဏ်ကို ဂါဟသုံးပါးဖြင့် မစွဲယူအပ်ပုံ

။           လုံးစုံထွေပြား သိများဝိညာ၊
ငါပိုင်ဥစ္စာ့ မဟုတ်ကြပါ။
ငါလဲမဖြစ် အနှစ်စင်ကွာ၊
ရှုပွားအပ် ဉာဏ်မြတ်ဟုတ်မှန်စွာ။                  ။

နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စ(၁၆)ချက်


(က)      ဤသို့ရှုပွား ငါးပါးခန္ဓာ၊
အနိစ္စမမြဲ ဆင်းရဲဒုက္ခာ။
အနတ္တမျိုး မစိုးပိုင်ပါ၊
ဉာဏ်အလင်း ဖောက်ထွင်းမြင်ရမှာ။   ။

(ခ)        ဉာဏ်မြင်ရှိငြား မြတ်သားတော်မှာ၊
ခန္ဓာငြီးငွေ့ မမွေ့လျော်ပါ။
တဏှာပြတ်ကင်း ဝဋ်တွင်းလွတ်ကာ၊
လွတ်ကြောင်းသိ မုတ္တိဉာဏ်ပေါ်လာ။  ။

(ဂ)        ကျင့်မြတ်အဆုံး နိဂုံးရောက်ပြီ၊
မဂ်၏ကိစ္စ ပြည့်ဝစုံညီ။
ဘဝသစ်ကုန်ဆုံး စ,တုံးလေပြီ၊
ခန္ဓာပြတ် သိဓာတ်ပေါ်လာပြီ။            ။

 ပဉ္စဝဂ္ဂီတို့ ရဟန္တာဖြစ်ကြပုံ

၁။         ရှင်ပင်ဟောပြ အနတ္တဓမ္မာ၊
ဝဂ္ဂီရဟန်း ရွှင်လန်းကြကာ။
မြတ်ဘုရား၏ တရားဒေသနာ၊
လွန်အားရ ပြည့်ဝနှလုံးမှာ။               ။

၂။         ဒိဋ္ဌိ မာန ဂါဟတဏှာ၊
ဝဂ္ဂီခပင်း စွဲကင်းခန္ဓာ။
စီးသွန်လျှောကျ အာသဝဖြာဖြာ၊
စိတ်ဓာတ်ရှင်း လွတ်ကင်းလေကြပါ။   ။

၃။         စီးသွန်ကျလျှော အာသဝေါကုန်ကာ၊
ဂါဟစွဲကင်း သန့်ရှင်းစိတ်မှာ။
လပြည့်ဝန်းသို့ အိရွှန်းမျက်နှာ၊
ဝဂ္ဂီများ ဖြစ်ငြားရဟန္တာ။       ။

၎။         (သုမိတ္တာ)မည်ရ ဓမ္မစကြာ၊
မျိုးချစ်သမီး ဖွဲ့စည်းတည်ကာ။
(ထွေဦးစီးရုံး) ရွှင်ပြုံးကြည်သာ၊
မြတ်ဘုရား ဝပ်တွားပူဇော်ပါ။            ။
၅။         အနတ္တတရား ပွားများစေရည်၊
လွတ်မြောက်ဖို့ကျိုး မျှော်ကိုးယုံကြည်။
ရှင်တော်မြတ်စွာ့ အနတ္တရွှေစည်၊
ရွတ်ဆိုမွှန်း ဆော်ရွမ်းပြီးပါပြီ။            ။

ဆုတောင်းနှင့် အမျှဝေ
(က)      အနတ္တတရား ရွတ်ပွါးသဒ္ဓါ၊
ဒိဋ္ဌိ မာန ဂါဟတဏှာ။
စီးသွန်ကျလျှော အာသဝေါဖြာဖြာ၊
စိတ်ဓာတ်ရှင်း လွတ်ကင်းရလိုပါ။       ။
(ခ)        အနတ္တတရား ရွတ်ပွါးသဒ္ဓါ၊
ကုသိုလ်ပုည ပြုကြညီညာ။
လုံးစုံပေါင်းစု ကောင်းမှုဖြာဖြာ၊
ရစေကြောင်း စုပေါင်းမျှဝေပါ။           ။


သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါအပေါင်းတို့အား ကျွန်ုပ်တို့ပြုစု ဤကောင်မှု၏ အဖို့ဘာဂကို အမျှ အမျှ ပေးဝေကြပါကုန်၏။
ကုသိုလ်… အမျှ… အမျှ… အမျှ… ယူတော်မူကြပါကုန်လော့။
သာဓု… သာဓု… သာဓု

အနတ္တလက္ခဏသုတ် ပါဠိတော်နှင့်
ရှစ်လုံးဖွဲ့မြန်မာကဗျာများ
ပြီးပါပြီ။

စင်္ကာပူနိုင်ငံ သစ္စာပါရမီ ဓမ္မရာဇာကျောင်းတိုက် http://thitsarparami.org/ အတွက် ဆရာတော် အရှင်ဇယတိဿ ထံမှ မူရင်းကို ပြန်လည်စာစီပါသည်။
           (ဦးသက်မောင်အေး)

Source: http://thitsarparami.org မှ ဓမ္မဒါန ကူးယူဖေါ်ပြသည်။



No comments:

Post a Comment