Monday, July 30, 2012

အပ္ပမာဒလင်္ကာ

ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့
ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲ၊သူတစ်နည်းဖြင့်
ဖောက်လွှဲတတ်စွာ၊ ဓမ္မတာကို
ပညာစက္ခု၊ မျှော်ထောက်ရှု၍--

ယခုပင်လျှင်၊ မအိုခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင်၊ မနာခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင်၊မသေခင်က
ကြိုတင်ကောင်းမှု၊ကြိုးစားပြုလော့။

ရတုချိန်ထောက်၊ ဤခါရောက်မှ
ချုပ်ပျက်ခန္ဓာ၊ သေပိမ့်ငှာဟု
သတ္တ၀ါ ခပင်း၊ ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျက်၊ အချိန်းအချက်
တစ်စက္ကန့်မှ၊ မရှိကြဘူး။

အပ္ပမာဒေန ဘိက္ခဝေ သမ္မာဒေထ၊
ဘုရားစကား၊ လိုက်နာပွားကာ
တရား လက်မလွှတ်ကြစေနှင့်။

သြကာသကန်တော့နည်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်

သြကာသ- သြကာသ-သြကာသ --ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို၊ ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားတရနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို၊ အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

(ဆုတောင်းခြင်း) ။ ။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

မှတ်ချက်-၁။ ။ မိဘ/ဆရာတို့ကို ကန်တော့သည့်အခါ အထက်ပါ ကန်တော့မျိုးတွင် “ရတနာမြတ်သုံးပါးတို့ကို”နေရာ၌ “ရတနာမြတ်သုံးနှင့်တကွ မိဘတို့ကို” သို့မဟုတ် “ရတနာမြတ်သုံးပါးနှင့်တကွ ဆရာသမားတို့ကို” ဟူ၍ ထည့်ဆိုပါ။

မှတ်ချက် ၂။ ။ ဖော်ပြခဲ့သော သြကာသဆိုရိုးသည် ပုဂံခေတ်မှစ၍ ယနေ့တိုင် အသုံးပြုနေသော ဆိုရိုးဖြစ်သည်။ နိုင်ငံတော်သံဃာ့နာယကအဖွဲ့က တစ်ပြည့်လုံးအတွက် တစ်မူတည်းဖြစ်အောင် ချမှတ်ထားသော ဆိုရိုးဖြစ်သည်။ “တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း” မဖြစ်စေဘဲ စည်းလုံးညီညွတ်မှုကို ရှေ့ရှု၍ ဤမူကိုသာ အသုံးပြုကြပါ။

အဓိပ္ပါယ်ရှင်းလင်းချက်များ

သြကာသ= =ခွင့်ပြုတော်မူပါ၊
ရှိခိုးကန်တော့ခွင့်ပြုရန် ခွင့်တောင်းခြင်း ဖြစ်သည်။ ရိုသေမှုကိုအလေးအနက်ပြုလို
သောကြောင့် သုံးကြိမ် ရွတ်ဆိုသည်။

ကာယကံ= =ကိုဖြင့် ပြုလုပ်ရသောအမှု။

ဝစီကံ
= =နှုတ်ဖြင့် ပြောဆိုရသောအမှု။

မနောကံ= =စိတ်ဖြင့် ကြံစည်သောအမှု။

သဗ္ဗဒေါသ= =ခပ်သိမ်းသောအပြစ်။

ရတနာသုံးပါး ဦးထိပ်ထား


ရတနာသည် စိတ်ကိုရွှင်လန်းဝမ်းမြောက်စေတတ်၏။ ရှားပါး၍ အဖိုးထိုက်တန်၏။ နှစ်သက်မြတ်နိုးဖွယ်လည်း ဖြစ်၏။

စန်ရွှေငွေပတ္တမြားပုလဲ စသည်တို့သည် လောကီရတနာများဖြစ်ကြ၏။ သားသမီး,မြေးမြစ်, ဆင်မြင်းစသည်တို့သည်လည်း လောကီရတနာများဟု ခေါ်၏။

ဘုရား၊တရား၊သံဃာ(ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ)တို့ကို လောကုတ္တရာ ရတနာများဟု ခေါ်၏။

ဤလောက၌ ဘုရား၊ တရား၊ သံဃာတို့သည် အရှားပါးဆုံး၊ အဖိုးအထိုက်တန်ဆုံး၊ နှစ်သက်မြတ်နိုးဖွယ်အကောင်းဆုံး ရတနာများဖြစ်ကြ၏။ ထို့ကြောင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာတို့ကို ရတနာမြတ်သုံးပါးဟု ခေါ်၏။

ဗုဒ္ဓရတနာသည် တရားအလုံးစုံကို အလိုလိုသိမြင်နိုင်သော သဗ္ဗညုတဥာဏ်ပိုင်ရှင် မြတ်ဘုရားဖြစ်သည်။

မြတ်ဘုရားပွင့်သောအခါနှင့် ကြုံကြိုက်ရန် အလွန်ခဲယဉ်း၏။ ထို့ကြောင့် ဗုဒ္ဓတရနာသည် အလွန်ရှားပါးသောရတနာဖြစ်၏။


ရတနာ ဆိုတာ


ရတနာ ဆိုတာ နှစ်သက်စေတတ်၊ စိတ်ချမ်းသာစေတတ်တယ်။
ရွှေ၊ ငွေ၊ကျောက်သံ ပတ္တမြား စသည်တို့ကို လောကီရတနာ လို့ခေါ်တယ်။
ဘုရား၊တရား၊သံဃာ ကို လောကုတ္တရာရတနာ လို့ခေါ်တယ်။ (လောကုတ္တရာ=လောကမှလွတ်မြောက်စေသော)

ရတနာ အနက် (၅) မျိုး။
၁။ အကြင်အရာသည်အရိုအသေအလေးအမြတ်ပြုအပ်သည်။
၂။ အဖိုးများစွာထိုက်တန်သည်။
၃။ အတုလည်းမရှိ။
၎။ တွေ့မြင်ရန်ခဲယဉ်းသည်။
၅။ မြတ်သောသူတို့၏သုံးဆောင်ရာဖြစ်သည်။

ရတနာ အနက် (သပြေကန်ဆရာတော်)။
လေးစားမြတ်နိုး၊
အဖိုးထိုက်တန်၊
တုမဲ့ဟန်နှင့်၊
မြင်ရန်ခဲလတ်၊
သူမြတ်တို့သာ၊
သုံးဆောင်ရာ၊
ရတနာအနက်ငါး။

လောကီရတနာ များသည်ဘေးအန္တရာယ်ကိုမတားဆီးနိုင်သည့်အပြင် သူခိုး၊ဓါးပြ စသည့်
အန္တရာယ်များကိုဖိတ်ခေါ်သည်။ ပိုင်ဆိုင်သူတို့အားလည်း လောဘ နှင့်တပ်မက်စေပြီး၊ မာန
နှင့်ထောင်လွှားစေသည်။ သေသည့်အခါ ၎င်း လောကီရတနာ များကိုဆွဲလမ်းလျှင် ပြိတ္တာဘဝ
ရောက်နိုင်သည်။

လောကုတ္တရာရတနာ များက ဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့်အပြင် လောဘ၊ ဒေါသ၊မောဟ၊မာန စသောကိလေသာများကိုလျော့နည်းစေသည်။ ဘုရား၊တရား၊သံဃာ အား
အာရုံပြု၍သေဆုံးလျှင် သုဂတိဘုံသို့ရောက်ရှိသည်။

ဒါကြောင့် လောကီရတနာများ ( နီလာ၊စိန်၊ ကြောင်မျက်ရွဲ၊ ပတ္တမြား၊ မြ၊ ဂေါ်မုတ်၊ ဥဿဖရား၊ သန္တာ၊ပုလဲ)နဲ့ လုပ်ထားတဲ့ န၀ရက် (သွယ် လက်စွပ် ၀တ်ထားမဲ့ အစား လောကုတ္တရာ ရတနာ သုံးပါးကို နှလုံးမှာ ဆောင်ထားကြပါဆို့။

Source: http://ahchitsone.blogspot.com မှဓမ္မဒါန ကူးယူဖေါ်ပြသည်။

Friday, July 27, 2012

ဘုရားရှိခိုးဂါထာ


ဒေါက်တာ အရှင်ကုမာရာ ဘိဝံသ (D.Litt)
( ဗန်းမော်ဆရာတော် ဘုရားကြီး )
အဂ္ဂမဟာပဏ္ဍိတ- အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက
အကျိုးဆောင်ချုပ် -နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

ဓမ္မလက်ဆောင်

အရဟံ ဗဟိ - အန္တ - ဇယံ - သုဂတံ၊
အမိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိ - ဘ၀ူပ - သမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏။
၂။ ဗဟ - အန္တ - ဇယံ - အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၎။ အမိတံ - မနှိုင်းယှဉ်နိုင်သော တန်ခိုးပြာဋိဟာ ရှိသော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၅။ ၀ိရဇံ - ကိလေသာမြူကင်းတော်မူသော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၈။ စရဏံ - အကျင့် စရဏနှင့်ပြည့်စုံတော် မူသော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၉။ိ - ဘ၀ူပ - သမံ - ဘုံသုံးပါး၌ ကိလေသာ ငြိမ်းအေးသော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၁၀။ ယမကံ - ရေမီးအစုံစုံ တန်ခိုးပြာဋိဟာနှင့်ပြည့်စုံသော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။
၁၃။ ဇိနံ - မာရ်ငါးပါးကို အောင်မြင်သော မြတ်စွာဘုရားကို ပဏမာမိ ရှိခိုးပါ၏။

မွေးနေ့ဆိုတာ အိုပွဲပါ

ဓမ္မမိတ်ဆွေ ဝေနေယျများ ကြည်ညိုသဒ္ဒါ ပွားနိုင်ပါရန်နှင့် မွေးနေ့ရှင်အား ဤ Post ဖြင့်မှတ်တမ်းတင် အပ်ပါသည်။


တစ်နေ့တစ်ခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ။
တကယ်ပြောင်းတာ ၊ ရုပ် နာမ်ပါ ၊ ခန္ဓာမမြဲသိ။
ရုပ်နာမ် ဓမ္မ မမြဲကြ ခဏခဏ ပြောင်းနေ၏
သေမင်းမှတ်တိုင် နောက်တစ်တိုင် ရင်ဆိုင်ရောက်လာ၏
မွေးနေ့ဆိုတာ သေပွဲပါ သေချာဥာဏ်ဖြင့်ကြည့်။
အသက် သိက္ခာ ကြီးစရာ လူမှာနှစ်မျိုးရှိ။
အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏
အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏
အကျင့်သိက္ခာကြီးမှသာ မှန်စွာစိတ်အေး၏
ကြီးလေ လှလေ အေးမြပေ လူတွေချစ်ကြ၏
အသိမှန်ကန် ကိုယ့်ဖို့ကျန် ဧကန်စိတ်အေး၏။
( ယောဆရာတော် ဘုရားကြီး )

Monday, July 23, 2012

ရှောင်ကွယ် ဓမ္မ အန္တရာယ်များ


“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ကျွန်ုပ်တို့သည် အ၀ိဇ္ဇာ အမှောင်ထုကြောင့် ၀ိဇ္ဇာဉာဏ်ကင်းပျောက်ကာ နိဗ္ဗာန်သို့ မျက်မှောက် မပြုနိုင်ဘဲ ရှိခဲ့သည်မှာ ဂင်္ဂါဝါလု သဲစုမကအောင် ဘုရားအဆူဆူလည်း ပွင့်တော်မူခဲ့ပြီ၊ အသင်္ချေအနန္တ ဒုက္ခသည် ဘ၀တွေလည်း စုံခဲ့ပြီ၊ မာနတံခွန် အလံထူပြီး လူ့ချမ်းသာ စကြာမင်း၊ နတ်ချမ်းသာ သိကြားမင်းနှင့် ကမ္ဘာများစွာ သက်တန်းရှည်ကြာ ဈာန်ချမ်းသာ ခံစားပြီး ဗြဟ္မာမင်းကြီး အဖြစ်နှင့်လည်း ဘ၀များစွာ ခံစားခဲ့ချေပြီ။ ရရှိထားသည့် ချမ်းသာလေး အစဉ်မြဲနေသည် အထင်တစ်လုံးနှင့် ရကျိုးမနပ်ခဲ့သည့်အဖြစ်တို့နှင့်သာ စုံခဲ့လှပေပြီ။
သာသနာနှင့်လည်းကြုံ၊ သာသနာကိုလည်း ကြိုက်နှစ်သက်ကာမှ မြတ်ဗုဒ္ဓဒေသနာတော်က နားထဲသို့ ရောက်ခွင့်ရကာ နှလုံးသားမှာ ဘုရားတည်နိုင်ကြ၏။ သာသနာနှင့်လည်း မကြုံ၊ ကြုံဆုံပင်ငြားသော်လည်း သာသနာတော်ကိုမကြိုက်တော့ အမှားနောက် ကောက်ကောက် ပါအောင် တောက်လျှောက်လိုက်နေရသည်နှင့် ဘုရားစကား နားမချမ်းသာ ကုလားမည်း မြက်ထမ်းသမားလို တရားနာရာ၌ ခါးလည်းပူ နာလည်းပူတွင် ခါးကိုသာအပူခံနိုင်၊ နားကိုတော့ အပူမခံနိုင်သကဲ့သို့ဖြစ်ပြီး နှလုံးသားမှာ ဘုရား၊ တရား၊ သံဃာကို ပယ်ခွင်းကြကုန်၏။
အ၀ိဇ္ဇာ- မသိမှုကြောင့် “ပေါက်တတ်ကရတွေ အတော်လုပ်တတ်တဲ့ကောင်”ဟူ၍ လောကီ အလုပ်တို့တွင် အသုံးမကျမှုတို့ကို အချင်းချင်း ကဲ့ရဲ့ခြင်းပြုကြ၏။ လောကုတ္တရာပညာရဖို့ အ၀ိဇ္ဇာ အဓိပ္ပါယ်မှာ-
သိသင့်တာတွေကို မသိတာ အ၀ိဇ္ဇာ၊
- မသိသင့်တာတွေကို သိနေတာ သည်လည်း အ၀ိဇ္ဇာပင်ဖြစ်၏။”

သိသင့်တာတွေကို သိမထားတော့ ကိုယ်ထင်ရာ လျှောက်လုပ်တော့၏။ မသိသင့်တာ တွေကိုသာ သိထားပြန်တော့လည်း ကိုယ်လုပ်တာ အမှန်ထင်ပြီး လျှောက်လုပ်ပြန်ပါသည်။ ဘုရားစကားကို ပယ်ခွင်းမိလို့ ထိုထိုသော အမှားတွေရင်းပြီး ရရှိခဲ့သည့်အမြတ်တို့မှာ ဘ၀၏ ဒုက္ခဇာတ်လမ်း၌ ဆက်လက်ကာ သရုပ်ဆောင်နေကြရသည့်အဖြစ်နှင့် အာမငြောင်းတမ်း ဆို၊ မျက်ရည်မခန်းစတမ်း ငိုကြရပြီး ကွေးနေအောင် က၊ ဆွေးနေအောင် လွမ်းပြကြရင်း မငြီးငွေ့စတမ်း နေခဲ့ကြသည်မှာ ကမ္ဘာအသင်္ချေအနန္တ ရှိခဲ့လေပြီ။

Thursday, July 19, 2012

ဝဋ်သုံးပါး

ဝဋ်သုံးပါး

ဝဋ် ဆိုသည် ထပ်ကာထပ်ကာ ဖြစ်နေသည်ကိုဆိုပါသည်။ကောင်းတာလုပ်လျှင် ကောင်းကျိုး ခံစားရပြီး၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရမည်ဟူကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကံကံ၏ အကျိုးကို နားလည်ကြပါသည်။

မိမိပြုသမျှကံများ ဧကန်မချ မိမိထံပြန်လာလေသည်။ တနည်း မိမိပြုခဲ့သော မကောင်းမှုများအတွက် ၀ဋ်ကြွေးများ ကို ပေးဆပ်ရမည်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် မလွတ်ပါချေ။


လောဘ-ဒေါသများဖြင့် အဟုတ်ထင်- အတည်ယူ ငြိတွယ်ဆုပ်ကိုင်ကာ ပြုလုပ်သော ပြုလုပ်မှုများတွင် တန်ပြန်သက်ရောက်မှုများ မဆုံးနိုင်အောင်ရှိနေလေသည်။


ကျွန်ုပ်တို့ အတိတ်ဘ၀၊ ယခုဘ၀ များတွင် ပြုလုပ်ခဲ့သော ကံများ ၀ဋ်ကြွေးများ အင်္သချေ (မရေမတွက်နိုင်အောင်) ရှိလေသည်။

ထိုကံကြွေး၊ ၀ဋ်ကြွေးများကို ကျေအောင် ခန္ဓာဖြင့်သာ ဆပ်ရပါက...ဆပ်လိုက် ထပ်တင်လိုက်နှင့် အဆုံးမရှိပါချေ။

သဲအင်းဂူဆရာတော်ကြီးမှ ခန္ဓာဖြင့်သာ ၀ဋ်ကြွေးများပေးဆပ်ရပါက ကျွန်တော်တို့တတွေ စားခဲ့သော ငါးခြောက်ပြား ကြီးများ ဘ၀လည်း တချိန်တွင် ပြန်ရောက်ကာ ပြန်လည်အစားခံရဦးပေမည်။ ဟု လည်းကောင်း၊ မိုးကုတ်ဆရာတော်ကြီးမှ အရိုးတွေ တောင်လိုပုံအောင် ခန္ဓာဖြင့် ဘ၀တွေ ပေးဆပ်ခဲ့ပြီးသော်လည်း အဆုံးမရှိနိုင်သေး ဟု ဆုံးမပါသည်။
 ဒီလိုဆိုရင် အဆိုပါ ၀ဋ်ကြွေးများကို မည်သို့ ပေးဆပ်ပါမှ ကျေအေး ကုန်ခမ်းပါမည်နည်း။

အဆိုပါ ၀ဋ်ကြွေးများကို အမှန်တကယ် ပြေစေ ကြေစေလိုပါက ''ငါ(သူ)ကောင်းတာလုပ်လျှင် ငါ(သူ)ခံရတယ်။ ငါ(သူ)မကောင်းတာလုပ်လျှင် ငါ(သူ)မကောင်းတာခံရတယ်။" ဆိုသော ငါ(သူ) ပုဂ္ဂိုလ် သတ္တ၀ါ ရှုထောင့်ထက် ပိုမို ကျော်လွန်ကာ လေးလေးနက်နက်  နားလည်ဖို့လိုအပ်ပါသည်။


 ပဋိစ္စသမုပ္ပါဒ်ဒေသနာလာ ဘ၀၏အမှန်တရားဖြစ်သော ၀ဋ်ကြွေး သုံးပါး (၀ဋ် သုံးပါး)အကြောင်း ကို ကျွန်တော်တို့ .....
ငါ(သူ) ပုဂ္ဂိုလ် သတ္တ၀ါ ရှုထောင့်ထက် ကျော်လွန်ကာ သေချာစွာ နားလည်ဖို့လိုအပ်ပေသည်။

Tuesday, July 3, 2012

ဓာရဏပရိတ်တော်

ဓာရဏသုတ်တော်( ဖြစ်စဉ်)
ဂေါတမ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။

ဓာရဏ ပရိတ်တော်တွင် ၀ိပဿိ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဂုဏ်တော် ကျေးဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါသတည်း။

တိုက်တွန်းချက်။ ။ ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်မျိုး မရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌ သော်မှ ဤ ဂုဏ်သတ္တိမျိုး မရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော်တို့ကို ချီးကျူး ပူဇော်ခြင်းပင် ဖြစ်သည်။

ကောင်းမြတ်သော စေတနာဖြင့် တာဝန် ၀တ္တရားများကို ထမ်းဆောင်နေသူ အားလုံးတို့သည် ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင်သည်။ အ,ကာလ မရဏနှင့် မတွေ့ကြုံရ-မတွေ့ကြုံနိုင်။

အ,ကာလ မရဏ ဆိုသည်မှာ သူတစ်ပါး လက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ ကျားကိုက် သေရခြင်း၊ ချောက်ကမ်းပါးက သေရခြင်း၊ ကားမှောက်၍ သေရခြင်း စသည့် ဥပစ္ဆေဒက ကံကြောင့် သေရခြင်းမျိုးများကို ဆိုသည်။ ဓာရဏ ပရိတ်ကို ရွတ်ဖတ်သူမှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက်သည်။

သတ္တ၀ါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာ ဖြစ်သည်။ အ,ကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒက ကံကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုသည်။ ဖြစ်မြဲ ဓမ္မတာအရ သေချိန်ကျမှသာ သေရသည်။

ရှင်းပြပါဦးအံ့-သေရခြင်း လေးမျိုးရှိသည်
(၁) အသက်တမ်း ကုန်၍ သေရခြင်းအာယုက္ခယမရဏ”၊ အသက်တစ်ရာတမ်း၌ အနှစ်တစ်ရာ ပတ်ဝန်းကျင်မျှသာ နေကြရသည်။ မြတ်စွာဘုရားသော်မှ အနှစ် ၈၀-သာ နေရသည်

(၂) ကံကုန်၍ သေရခြင်း “ကမ္မက္ခယမရဏ”။ မိမိ ကုသိုလ်ကံအလျောက်သာ နေရသည်။ ကံကုန်လျှင် အရွယ် ကောင်းတုန်း၌လည်း သေရသည်။ နို့စို့ အရွယ် စသည်၌လည်း သေရသည်။

(၃) သက်တမ်းနှင့် ကံ ၂-ပါးလုံး ကုန်၍ သေရခြင်း “ဥဘယက္ခယမရဏ”။

(၄) အထက် မရဏ ၃-မျိုးမှ တစ်ပါး အခြားပယောဂ တစ်ခုခုကြောင့် သစ်စိမ်းချိုး ချိုးဖြတ်သကဲ့သို့ သေရခြင်းမျိုး “ဥပစ္ဆေဒက မရဏ” ဟူ၍ သေရခြင်းမျိုး ၄-မျိုးရှိသည်။

ပထမ သေခြင်း ၃-မျိုးကို ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သော်မှ မလွန်နိုင်။ ယင်း မရဏ ၃-မျိုးမှာ သေရိုး သေစဉ် ဓမ္မတာ မရဏ ဖြစ်သည်။

ဥပစ္ဆေဒက မရဏကို အ,ကာလမရဏ ဟု ခေါ်သည်။ သေချိန် မရောက်သေးဘဲ သေရခြင်းသည် အ,ကာလ မရဏ ဖြစ်သည်။ ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ခြင်း အားဖြင့် အ,ကာလ မရဏကို တားမြစ် ပယ်ဖျောက်နိုင်သည်။ စေတနာ ဖြူစင်သူတို့ အ,ကာလ မရဏမှ ကင်းလွတ်ကြပါစေသော်


Monday, July 2, 2012

အချစ်ကံတွေ ဘာကြောင့် ဆိုးရတာလဲ

လောကမှာ လူသားတိုင်းအချစ်နဲ့ ကင်းနိုင်တဲ့သူရယ်လို့ မရှိသလောက် ရှားပါတယ်။ အနည်းအကျဉ်းတော့ အချစ်နဲ့ကင်းနိုင်တဲ့ သူတွေတော့ရှိကြမှာပါ။ အမှန်တော့ ရဟန်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် အနာဂါမ်မဖြစ်သရွှေ့တော့ အချစ်ဆိုတာ ရှိနေကြရဦးမှာပါ။ အချစ်ဆိုတာ ရှိနေသရွှေ့ အချစ်နဲ့ဆက်နွှယ်နေတဲ့ ခံစားမှုပြဿနာတွေကလည်း ကြုံတွေ့နေကြရဦးမှာပါ။ အချစ်နဲ့ပါတ်သက်တဲ့ပြဿနာတွေမှာ အချစ်ကြောင့်ဘ၀ပျက်သွားကြရတဲ့သူတွေ၊ အချစ်ကြောင့် ကိုယ့်ဘ၀ကိုအဆုံးသတ်သွားတဲ့သူတွေ၊ အချစ်အပေါ်မှာမူတည်ပြီး ဘ၀လမ်းကြောင်းတွေ ပြောင်းလဲသွားရတဲ့သူတွေ များစွာပါ။ ဒီတော့ အချစ်နဲ့ပါတ်သက်တဲ့ရောဂါတွေကို ကုသဖို့ဆေးကတော့ မရှိမဖြစ် လိုအပ်နေပြန်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားဆုံးမခဲ့တဲ့ တရားတော်တွေဟာ များသောအားဖြင့် စိတ်မှာဖြစ်တတ်တဲ့ ရောဂါတွေကို ကုသဖို့ တရားဆေးတွေပါပဲ။ ဆေးဆိုတဲ့နေရာမှာလည်း ရောဂါတစ်မျိုးတည်းအတွက် မဟုတ်ပြန်ပါဘူး။ ရောဂါမျိုးစုံအတွက်ပါ.. လူမှုရေးရောဂါ၊ ကျန်းမာရေးရောဂါ၊ စီးပွားရေးရောဂါ၊ ပညာရေးရောဂါ၊ နာရေးရောဂါ၊ သေရေးရောဂါ၊ အချစ်ရေးရောဂါ၊ အိမ်ထောင်ရေးရောဂါ စသည်စသည်ဖြင့် ရောဂါပေါင်းစုံပါပဲ။