ကောသလတိုင်း အတွင်း တစ်နေရာတွင် ဆိုးသွမ်းပြီး အားကြီးလှတဲ့
လူဆိုးတစ်ယောက်ရှိတယ်။ သူ့နာမည်က အင်္ဂုလိမာလ လို့ ခေါ်ပါတယ်။ သူဟာ တက္ကသိုလ်ပြည်
ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ယူနေစဉ်အတွင်း ဆရာကြီးက တပည့်များရဲ့ ဂုံးချောစကား
ကို ယုံကြည်ကာ လက်ငြိုးပေါင်းတစ်ထောင် ယူခဲ့ရန် အင်္ဂုလိမာလအား ပြောပါတယ်။
အင်္ဂုလိမာလလည်း ဆရာစကားကို ယုံကြည်တဲ့အတွက် ဆရာခိုင်းတဲ့အတိုင်း
လက်ငြိုးပေါင်းတစ်ထောင် ရဖို့အတွက် အားထုတ်ရပါတော့တယ်။ ဒီလိုနဲ့ သူဟာ
ရင်ဆိုင်တွေ့သမျှ လူများအား လက်ညိုးကိုယူ၊ လူကိုလည်းသတ်ဖြတ်ကာ
သောင်းကြမ်းချင်တိုင်း သောင်းကြမ်း နေပါတော့တယ်။ တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ
ကောသလတိုင်း သာဝတ္ထိမြို့ထဲ ဆွမ်းခံကာ ဆွမ်းဘုဉ်းပေးအပြီး၊ နေ့လည်ဖက်
သပိတ်သင်္ကန်းတို့ ကို ပြင်ဆင်ကာ ကိုယ်တော်မြတ်တစ်ပါးတည်း ခရီးရှည်ကြီးကို
ခြေလျင်ဖြင့် ကြွတော်မူပါတယ်။ ကြွတော်မူမယ့်နေရာက လူဆိုးကြီး အင်္ဂုလိမာလ ရှိတဲ့နေရာ
ဖြစ်တယ်။
လမ်းတွင် နွားကျောင်းသားများ၊ လယ်လုပ်သူများက တစ်ပါးတည်း
ကြွတော်မူလာတဲ့ ဘုရားရှင်အား “အရှင်ဘုရား….ဘယ်အရပ်ကို ကြွမှာလဲဘုရား” လို့
မေးလျှောက်ကြတယ်။ ဘုရားရှင်ကလည်း အင်္ဂုလိမာလရှိရာသွားမှာဖြစ်တဲ့ အကြောင်း
မိန့်တော်မူသောအခါ နွားကျောင်းသား၊လယ်လုပ်သူများက “ အရှင်ဘုရား…ဒီဒေသမှာတော့
အင်္ဂုလိမာလ ရှိရာ တောအုတ်ကို ဖြတ်ပြီး ခရီးသွားမယ်ဆိုပါက တစ်ယောက်ထဲ မသွားရဲ့ကြဘူး၊
၂၀-၃၀-၄၀ အုပ်စုဖွဲ့ပြီး သွားကြပါတယ်။ ဒီလိုသွားတာတောင်မှ အင်္ဂုလိမာလရဲ့ လက်အတွင်းက
မလွတ်ပဲ အသတ်ခံရပါတယ်ဘုရား၊ သူရှိတဲ့ နေရာကို ရောက်သွားတဲ့ လူများဟာ အင်္ဂုလိမာလ
ကြောင့် ပျက်စီးခဲ့ရ၊ သေခဲ့ကြရပါတယ်ဘုရား၊ အရှင်ဘုရား တစ်ပါးတည်း ကြွတော်မူပါနဲ့
ဘုရား” လို့ တားကြသော်လည်း ဘုရားရှင်ကတော့ ဘာမှ ပြန်မပြောဘဲ ကြွတော်မူရာ လမ်းအတိုင်း
ကြွတော်မူခဲ့ပါတယ်။ သို့နှင့် ဘုရားရှင်ဟာ အင်္ဂုလိမာလရှိရာ တောအုပ်သို့
ရောက်တော်မူပါတယ်။ အင်္ဂုလိမာလဟာ ဘုရားရှင် ကြွလာတာကို ခပ်လှမ်း လှမ်းက မြင်တဲ့အခါ “
ငါရှိရာ တောအုပ်ထဲကို ဘယ်သူမှ လာရဲတာမဟုတ်၊ ၂၀-၃၀ အုပ်စုဖွဲ့ပြီး လာတာတောင်မှ
ငါအလွတ်ပေးပဲ အားလုံးကို သတ်ခဲ့တယ်။ အခုတော့ ရဟန်းကြီးတစ်ဦးတည်းလာတာဟာ ငါ့ကို
မလေးမခန့်လုပ်တာပဲ” လို့ တွေးကာ ဘုရားရှင်ကို သတ်ဖို့အတွက် ဘုရားရှင် ရှိရာသို့
လျင်မြန်တဲ့အဟုန်နဲ့ ပြေးလိုက်ပါတော့တယ်။ ဘုရားရှင်က မပြေးဘဲ ရပ်တော်မူနေပေမယ့်
အင်္ဂုလိမာလက ပြေးလိုက်လို့ မမီနိုင်ဖြစ်နေတယ်။ “အရင်ကတော့ ဆင်ပြောင်ကြီး
ပြေးတယ်ဆိုရင် ငါလိုက်မီတယ်၊ မြင်းတွေပြေးတယ်ဆိုရင် နောက်ကလိုက်မီပါရဲ့၊ အခုတော့
သာမာန်လူတစ်ယောက်ကို မလိုက်နိုင်တာ ဘာ့ကြောင့်လဲ” လို့တွေးကာ ဘုရားရှင်အား
“ရပ်ပါတော့ ရပ်ပါတော့” လို့ တားပါတယ်။ ဘုရားရှင်က “အင်္ဂုလိမာလ….ငါဘုရားက ရပ်နေတာ၊
မရပ်တာက သင်ပဲ” လို့ မိန့်တော်မူပါတယ်။ ထိုအခါ လူဆိုးကြီးက “သာကီဝင်မင်းသား
ရဟန်းများဟာ မှန်တဲ့စကားသာ ပြောကြတယ်။ ရဟန်းကြီးဟာ ရပ်နေတယ် ဆိုပြီး ငါ
အပြေးလိုက်တာတောင် မမီဘူး၊ ဘာ့ကြောင့်ပါလဲ” လို့ သိချင်တဲ့အတွက် ဘုရားရှင်အား
မေးလိုက်တယ်။ “ အရှင်ဘုရား ….အရှင်ဘုရားက ရပ်နေတယ်ူလို့ပြောပြီး ပြေးနေတယ်၊
တပည့်တော်ကိုတော့ ပြေးနေတယ်လို့ပြောတယ်။ အကြောင်းလေး သိချင်ပါတယ်” လို့
မေးလျှောက်တော့ ဘုရားရှင်က “ အင်္ဂုလိမာလ….ငါဘုရားဟာ လေးမြား ဓါး စတာတွေကို
အပြီးတိုင်ပစ်ချခဲ့ကာ လူအများအား မသတ်တဲ့အတွက် ‘ရပ်နေသူ’ လို့ခေါ်တယ်။ သင်ကား
လေးမြားလက်နက်စတာတွေကို ကိုင်ဆောင်ကာ လိုက်လံပြေးလွှား သတ်ဖြတ် နေသူဖြစ်တဲ့အတွက်
‘ပြေးနေသူ’ လို့ ခေါ်တယ် အင်္ဂုလိမာလ….” လို့ မိန့်တော်မူလိုက်တဲ့အခါ အင်္ဂုလိမာလလည်း
သံဝေဂအကြီးအကျယ်ရရှိပါတော့တယ်။ ဒါနဲ့ လေးမြှားစတာတွေကို ဘုရားရှင်ရဲ့
ခြေတော်ရင်းမှာ ချခဲ့ပြီး ရဟန်းပြုဖို့ရာ တောင်းဆိုပါတော့တယ်။
အခုပြောခဲ့တာတွေကတော့ဘုရားရှင်က အင်္ဂုလိမာလအား အောင်နိုင်ပုံ
ဖြစ်ပါကြောင်း………….လေးခုမြောက် အောင်ခြင်း ဖြစ်ပါတယ်။
Source: http://wikimyanmar.co.cc
မှ ဓမ္မဒါန ကူးယူဖေါ်ပြသည်။
No comments:
Post a Comment