Wednesday, May 16, 2012

ကြာလည်းမမေ့၊ ရှာလည်းမတွေ့ ၊ ငါလည်းတစ်နေ့.....


Credit to: Myat Pearl Phyu


မြတ်ပုလဲဖြူ
ပုံနှိပ် စာအုပ် ၊လောကစာအုပ် ၊စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်....

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ .....

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ
ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ .....


သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ .......
သူ့ကြောင့် ခံစားခဲ့ဖူးပြီ .....
ဝမ်းသာရတာ ခံစားရတာ
ပင်ပန်းလှပါပြီ.....

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ
ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဥာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့....

ကြာလည်းမမေ့
ရှာလည်းမတွေ့
ငါလည်းတစ်နေ့........

 အမှိုက်လှဲ ပြီးမှ
ရှင်းတာထက်
မရှုပ်ဘဲ ရှင်းနေတာက
ပိုကောင်းမယ်..

အရွယ်ချင်း မတူရင်

နေရာချင်း မတူရင်
အဖြစ်ချင်း မတူရင်
အသိချင်း မတူနိုင်ပါဘူး.
ဒါလေးတော့
နားလည်သင့်တာပေါ့....


ငယ်တုန်းက ထမင်းကို
ဝါးပြီးခွံ့ခဲ့တာ ကောင်းပေမယ့်
ကြီးလာတဲ့ အခါ
အန်ဖတ်တွေ ထင်တတ်တယ်...

ကိုယ့်ကို စောင့်ရှောက်တာ

ကိုယ့်မှာ ရှိတဲ့ တရားပဲ...

ကိုယ့်ကို ဖျက်ဆီးတာ
ကိုယ့်မှာ ရှိတဲ့ မတရားပဲ...


ကိုယ်က မှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်...

စုပြီး ဆုံပြီး ရှင်းလင်းကြတာက

စုဆုံပြီး ငြင်းကြတာထက်

အကျိုးကောင်းတွေ များပါတယ်..

မသင့်တော်တဲ့ နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့ အကျင့်တွေ
မဖျောက်ပစ်ပါနဲ့..

ပညာဆိုတာ ကောင်းပါတယ်။

ပညာရှိချင်တာလား?
ပညာပြချင်တာလား?

နည်းနည်းတော့ သတိထားပါအုံး..

ကိုယ်ကမှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်...
ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့

လုပ်သမျှတွေဟာ ..
အကောင်းချည်း ဖြစ်လာရင်

အကောင်းဆုံးပေါ့

အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။

အမြဲတမ်း သူ့ကိစ္စနဲ့သူ

ရှုပ်နေတာပါလို့ နားလည်ရင်

ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ
ကိုယ်နဲ့ သိပ်မဆိုင်ရင်
ပြဿနာက သေးတယ်
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ
လုံးဝမဆိုင်တော့ရင်တော့
ပြဿနာမရှိတော့ပါဘူး

ကောင်းတဲ့အလုပ်ဟာ

နောက်ကျတယ်ဆိုတာ မရှိပါဘူး

လုပ်ငန်း စရသေးတာပဲရှိတယ်။

မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ
လိမ္မာတယ်ဆိုတာ ကိုယ်ပဲ စံရတာ
မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့
လိမ္မာပါ။

အဆင်ပြေတာ မပြေတာထက်

နေသာဖို့က အရေးကြီးပါတယ်

နေတတ်ရင် နေသာပါတယ်။

လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ
ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ
ရတနာသုံးပါးကို ယုံကြည်လို့
ပုံအပ်ပြီးပြီလား...?

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ

လေရှိမှန်း မသိကြသလို
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ
ရေရှိမှန်း မသိကြသလို
ဓမ္မ အဓမ္မကြောင့်
ကောင်းကောင်း ဆိုးဆိုး
ဖြစ်နေတဲ့ သတ္တ၀ါတွေ ဟာလည်း
ဓမ္မ အဓမ္မကို

ရှိမှန်း မသိကြပါဘူး...။

ပေးနိုင်သူ ထံက တောင်း၊
လက်ခံမယ့် သူကို ပေး၊
ဒါမှ အဆင်ပြေမယ်......။

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ

မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ...?


လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်

တခြားပစ္စည်းတွေကိုရောင်းလိုက်ရင်

အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်
စိတ်ချမ်းသာမှုကိုရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ

ရောင်းမစားပါနဲ့..................။ ။

စေတနာ သည် လူတိုင်းနဲ့
မတန်သည် မဟုတ်
လူတိုင်းနဲ့ တန်တဲ့
စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်............။ ။


စိတ်ဆိုးနေတဲ့ အခါ

ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ
ရှုပ်နေရင် ရှင်းတဲ့စိတ်
ပူနေရင် အေးတဲ့စိတ်
နောက်နေရင် ကြည်တဲ့စိတ်နဲ့

ချက်ချင်းလဲ လိုက်ပါ..............။ ။

လေးစားထိုက်သူရဲ့ စကားကိုမှ
နားထောင်ကြတာ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်နေပေါ့.........။ ။

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့

ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်..............။ ။


ဘေးကိုကြည့်လွန်း အားကြီးရင်
ဘေးတွေ့တတ်တယ်။ ။

ကိုယ်က ကြိုက်လို့ကောင်းတာထက်

ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့...................။


လူမှုရေးဆိုတဲ့ ကြိုးနဲ့
လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်
လူကိုမမှုရင်
လူ့ဘောင်ရဲ့ဘေးရောက်မယ်.........
လူကိုမှုနေရင်လည်း
ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး.............

အမြင့်ရောက်မှ အမြင်ကျယ်တာထက်

အမြင်ကျယ်လို့ အမြင့်ရောက်တာက

ပိုကောင်းတယ်။ ။

မေတ္တာ ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင်လိုအပ်တယ်။ ။

မုန်းလောက်အောင်

ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက
မုန်းချင်သလောက်

မုန်းစမ်းပါစေ။

ရက်ရက်စက်စက်
ရိုးသားလိုက်စမ်းပါ၊
ဒီရက်စက်မှုမျိုးကို
သူတော်ကောင်းတွေက
မြတ်နိုးပါတယ်။

မင်းမရှိလည်း ဖြစ်တယ်

သူမရှိလည်း ဖြစ်တယ်
ငါမရှိလည်း ဖြစ်တယ်

ဘာမျှ မရှိလည်းဖြစ်တယ်.............။

မိုက်မဲတယ် ဆိုတာ
မိုက်လွန်လွန်း အားကြီးလို့
ကြုံတာလေး တစ်ခုတည်းကို
မဲ နေတာ............။

"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား" တဲ့

ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။

မမှားတာ အကောင်းဆုံးပဲ....

ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး

မြင်တဲ့အတိုင်း အမှန်ဖြစ်မှ

အမှန်အတိုင်း မြင်တယ် ခေါ်တယ်။
မြင်တဲ့အတိုင်း မှန် , မမှန်
ကြားတဲ့အတိုင်း မှန် , မမှန်

ဆန်းစစ်ရမယ်။

အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။


အရှင်ဓမ္မဒူတ ဆရာတော် (မှော်ဘီ) ရဲ့  စိတ်ခွန်အားဖြည့် ဓမ္မစာစုလေးများကို သူငယ်ချင်းများအတွက်
ဝေမျှပေးလိုက်ပါတယ် ...
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ ...
မြတ်ပုလဲဖြူ


No comments:

Post a Comment