အောက်ဖေါ်ပြပါ
ကဗျာလေး ကတော့ ကျေးဇူးတော်ရှင် မောင်းထောင်မြေဇင်းတောရ ဆရာတော် ဘုရားကြီး ရဲ့
ညီအငယ်ဆုံး ဖြစ်သူ နိုင်ငံကျော် ဓမ္မစရိယဦးဌေးလှိုင်ရေးသားခဲ့ တာ ဖြစ်ပါတယ်..။
ဆရာကြီး ရဲ့ မြေဇင်းယောဂီအတွေ့ အကြုံများ လို့ နာမည် ပေးထားတဲ့ အသံဖိုင်လေးထဲက
လွန်ခဲ့တဲ့ ၆နှစ်လောက် က နာယူခဲ့စဉ်က မှတ်သားထားမိတဲ့ (လေးချိုး) ကဗျာလေး
ဖြစ်ပါတယ်. http://www.nibbana.com ကရခဲ့တာ ပါ..။
ဆရာကြီးက
တရားအားထုတ်ရင်း ပစ္စယပရိဂ္ဂဟ ဉာဏ် ရလာတော့ ဘဝတွေ ရှုပ်ယှက် ခတ်နေ အောင်..မြင်ရတဲ့အခါ
၊ သံဝေဂ ဉာဏ် အလွန်ရင့်သန် ၊ ရုံးကြွ လာတာမို့ မောင်းထောင်မြေဇင်းတောရ ကျောင်းလေး
မှာရေးခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ ရေးမိပြီး ဆရာကြီး ကသူစွဲထုံခဲ့တဲ့ ဝါသနာအစွဲ
ကိုလည်း တရားအသိ နဲ့ ပြန်လည် ရှုမှတ် ခဲ့ပြန်ပါသေးတယ်။ ဖတ်ကြည့်ပါအုံးနော်။
*အထုပ်ကလေးတွေ ကိုယ်စီထမ်းပါလို့
လာလမ်းကိုတဲ့ မျှော်ကြည့်ကွယ်…( ပြန်ကြည့်မယ်)။
*နေမဝင်ခင်
ညောင်ညို ရိပ်မှာ ချွေးသိပ် စို့ကွယ်..။
*ကြည့်စမ်းဟယ်…
ဟိုအနောက်တောင်စွယ်မှာ ဖြင့်….နေကွယ် လုပါပကော။
*အခွင့်ကောင်းတွေ…တစ်ရှောင်ရှောင်လွဲခဲ့ပြီမို့
ဝင်္ကပါ အထဲ မှောင်ထဲမှာလ…..
တစ်ယောက် ထဲယောင်လည်လည် နဲ့
ခရီးသည်..အို ဘဲ့ သံသရာခရီးသည်…
ခရီးသည် သင့်နောင်ရေးကို..(ကွယ်..)တွေးရစိတ်မော..။
-ပညာရှိသူတော်ကောင်းတွေက တော့ တွေးဆစိတ်မော။
-မင်းတို့ ငါတို့တွေကတော့ ကန္တာရ ခရီးမှာ
အာရုံငါးပါးတည်း ဟူသော…..
အဆိပ်သီးတွေကို…အဝစား-- စားပြီးတော့ ငေးကျအိပ်မော..။
မနေ့က
တော့ ကျွန်မ ရဲ့ စိတ်အစဉ်ဟာ အဲဒီတရားဖိုင်လေးကို ထူးထူးခြားခြား ပြန်
သတိရနေမိပါတယ်..။ မြေဇင်းဓမ္မ Face Book စာမျက်နှာ များ မှာပါ သွားရေးပြီး
ကိုယ်တိုင်လည်း အပူတပြင်း ရှာ ယူ ရလောက်အောင် ကျွန်မရဲ့ စိတ်ဆန္ဒ ဆာလောင် ပြင်းပြ
ခဲ့ပါတယ်..။ တရားဓမ္မ တွေ တင်ထားတဲ့ ဓမ္မရံသီ Website မှာ ပြန်တွေ့ လိုက် ရကတည်းက
တစ်ညနေလုံး ဘာမှ မလုပ်ပဲ တရားနာယူ လိုက်ပါတယ်။ အရင်ကလို ခံစားမိရုံ သာမက
ပိုပြီးတော့တောင် သံဝေဂတွေပြင်းပြ ထက်သန် လာခဲ့ရပါတယ်..။ အသံဖိုင် ကိုနာ ယူ ချင်ကြ
တယ်ဆိုရင်တော့ ဓမ္မရံသီ ရဲ့ ဒီနေရာ မှာ ( နံပါတ် ၆ နှင့် ၇) မှာနာယူနိုင်ပါတယ်..။
အားပေး
တရား နှင့် နည်းပေး တရား နှစ်မျိုးရှိတဲ့အထဲမှာ နည်းပေးတရားများ နာယူအားထုတ် ပြီး
စိတ်အညောင်းမိလို့ ၊စွမ်းအားများကျ ဆင်း လာခဲ့ရင် စိတ်ဓာတ်မြင့်တက်၊ တွန်းပို့
ပေးစွမ်းနိုင်တဲ့ ကဗျာ၊လင်္ကာ ကောင်းလေး တွေ နဲ့ ထုံမွှမ်းထားတာ မို့ လည်း နှစ်သက်စရာ
ကောင်းနေပါတယ်..။ ဒါကြောင့်မို့ လို့ ကျွန်မ ရဲ့ ဓမ္မမိတ်ဆွေ များကို တပေါင်းလပြည့်
နေ့ ဓမ္မလက်ဆောင်မွန် အဖြစ်မျှဝေ လိုက်ချင်တာ ပါ..။ ဆရာကြီး ရဲ့ မြေဇင်းဓမ္မ-ဝိပဿနာ
နည်းပေးတရားများ ပါဝင်တဲ့ အပိုင်းတွေကိုတော့ နက်နဲလွန်း လှတာမို့ ကျွန်မ
ချန်လှပ်ခဲ့ပါတယ်..။
(အထုပ်ကလေးတွေ
ကိုယ်စီထမ်းပါလို့)
အထုပ်က
ဘယ်နှစ်ထုပ်လဲ..ခရီးသည်တွေ့ဘူးတယ်မဟုတ်လား။ ရှေ့မှာတစ်ထုပ် နောက်မှာတစ်ထုပ်
။ဘာအထုပ်တွေလဲ။ကုသိုလ် အထုပ်က ရှေ့က၊ အကုသိုလ်အထုပ်ကအပါယ်ကို ဆွဲချစေတာမို့ နောက်က
အထုပ်ပေါ့တဲ့။ ကျွန်မတို့အားလုံး ယူရမဲ့ အထုပ်တွေ ထုပ်လေ့ရှိတတ်ကြပါတယ်။
ဘဏ်မှာလည်းထုပ်၊ အိမ်မှာလည်းထုပ်၊ မီးခံသေတ္တာ ထဲမှာ လည်းထုပ်၊ တကယ်တော့ ထုပ်တိုင်း
သယ်ယူ သွားနိုင်ပါသလား။ ဦးပေါ်ဦး ကတော့ လက်ချည်းသက်သက်သာ သွားရပါကြောင်း ၊
အခေါင်းထဲက နေ အပေါက်ဖေါက်ပြီး ပြသသွားခဲ့ပါတယ်..။ သေတဲ့အခါ ယူသွား ၊ပါသွားမဲ့
အထုပ်တွေကတော့ ကျွန်မတို့ ပြုလုပ်ခဲ့တဲ့ ကုသိုလ် နဲ့ အကုသိုလ် (ဓမ္မ နဲ့ အဓမ္မ
အထုပ်တွေပါ။ ဘဏ်နဲ့ မီးခံသေတ္တာ ထဲက အထုပ်တွေကတော့ ထားခဲ့ရမှာပါ။ သြဝါဒ အထူးပျို့
မှာ ဥစ္စာ ရွှေငွေ တွေနဲ့ ပတ်သက်ပြီး *စိန္တကျော်သူဦးသြ *ရေးခဲ့တဲ့ ကဗျာလေးကို ဆရာကြီး
ကရွတ်ဆို ကိုးကားပြထားပါတယ်..။
ဖြစ်ချင်လွန်းလှ ၊ လွန်မင်းစွ ဟု ၊
ဒေါသစီချယ် ၊ ရွှေ ငွေ ရယ်၏။
ငါ့လယ်၊ ငါ့ယာ၊ ငါ့မြေတာဟု၊
ဥစ္စာ ခင်မင် ၊ ဆိုပြန်လျှင်လည်း၊
အရှင်မဲ့ပါ ၊ ငါတို့မှာကား၊
ကမ္ဘာမကျေ ၊ မချင်းနေ၏။
ဖောက်သွေယွင်းယို ၊ ဒင်းတို့ကိုယ်မှ
လိုမပိုင်ပဲ ၊ ဖွယ်သရဲလျှင်
ကျိန်ဆဲသောနှယ်၊ မြေကရယ်၏။
ငါ
ငါ..တစ်ငါငါ နဲ့ စွဲလန်းတဲ့သူတွေ..မြေပိုင်ရှင် ကြီး ရွှေ၊ငွေပိုင်ရှင် တွေရယ်လို့
အမည် တပ် ကြ၊ ဂုဏ်လုပ်ကြ၊ မာန်တက်ကြသူတွေကို မြေတွေ၊ ရွှေ ငွေတွေက လှောင်ပါသတဲ့။
လှောင် ရယ် ရယ် ကြ ပါသတဲ့။ ကိုယ်က တကယ်စွဲလန်း မာန်တက် ခဲ့ရင် သူတို့ ရယ်သံကို
သတိထားမိရင်တော့ အမှန်တကယ် တော့ ရှက်စရာကြီး ပါပဲလေ..။
အမွေတွေခွဲကြ၊
လုကြ အမှုတွေရင်ဆိုင်ကြ ၊ သွေးသားရင်းတွေ အမုန်းပွား ကြစေတဲ့ အထုပ်တွေ ကို အပါယ်ထိ
ထမ်းပိုးသွား မှာလား။ တကယ်တော့လည်း သေတဲ့အခါ ဓမ္မအထုပ်နဲ့ အဓမ္မ အထုပ် နှစ်မျိုးသာ
ပါသွားတာပါ။ အသက်ရှင်စဉ်မှာ တနေ့တနေ့ကုန်ဆုံးသွားရင် တဘက်သား နစ်နာသွားအောင်
ငါဘာတွေ လုပ်ခဲ့မိ ပါလိမ့်။ ကျွန်မတို့ နဖူးပေါ်လက်တင် မစဉ်းစားသင့်ဘူးလား။ ရှေ့က
အထုပ်က ဓမ္မ အထုပ် နောက်အထုပ်က အဓမ္မ အထုပ်။ ကုသိုလ် ထုပ်နဲ့ အကုသိုလ် အထုပ်
တွေအလိုက် သူတို့စီမံရာနာခံကြရမှာ မဟုတ်ဘူးလား။ ဘယ်အထုပ်ကများ ကြီးသွားပြီလဲ
စစ်ဆေးသင့်တာပေါ့နော်..။
ဒီဘဝမှာ
နှစ်ချုပ် လချုပ်စာရင်းတွေ၊ ကြည်ကြည်လင်လင် စာရင်း ရှင်းနိုင်အောင် လုပ်ကြပါတဲ့။
တရားတော်တွေ-ဘုရားသာသနာတော်တွေ
နေလို လလို ထွန်းကားနေတဲ့အချိန် မှာတောင် တရားအားမထုတ်ဘူး ဆိုရင်တော့ ပါသွားရမဲ့
အထုပ်ကတော့….တွက်ဆ ပြီးသာကြည့်ပါတော့နော်..။ဒါဆိုရင် တော့ တရား ဆိုတဲ့
အခွင့်ကောင်းကြီးနဲ့လွဲ ပါပြီတဲ့။ *ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီး* က
တရားမကြွယ် အထုပ်ငယ် လိမ့်..လို့ ဆုံးမစာ ကဗျာလေး ရေးခဲ့တာကို ဆရာကြီးက ရွတ်ဆို
ဆုံးမပြပါတယ်..။
*နင့်ရုပ်နင့်နာမ်၊ နင့်သဏ္ဍန် ဝယ်၊
နင့်ဥာဏ်မစူး ၊ အပေါ်ဖြူးလျှက်၊
(ရူးရူးမေ့မေ့) မူးမူးမေ့မေ့ ၊ အများလေ့ဖြင့်၊
နေ့ရက် အကုန် ၊ လွန်ခဲ့တုံပြီ။
အာရုံကိုထု ၊ အစုစုဖြင့်
ယုယုယယ ၊ နင်ကြောင့်ကြ လည်း
မရဏသေမင်း ၊ သူ့ဓာတ်နင်းက
မညင်းဆန်သာ ၊ နင့်ခန္ဓာ သည်
ပြာပုံအပြီး ၊ ဖြစ်လုနီးပေါ့။
ရီးတီးရားတား ၊ သေ၍သွားသော်..
တရားမကြွယ် ၊ အထုပ်ငယ်လျှက်
အပါယ် စခန်း ၊ သွားမြဲလမ်း၌
တစ်ပန်းဟိုက်ဟိုက်၊ တစ်ရှိုက် ငင်ငင်
တငြင်ငြိုငြို ၊ ဆင်းရဲပိုလျှက်
အပါယ် ထိုထို ၊ ဥဒဟို သည်
နင်လို လူမိုက် ၊ သွားလမ်းတည်း။
သည်
ကဗျာလေး ကိုကြည့်ပြီး လယ်တီ ဆရာတော်ဘုရား ကြီး က ဆရာကြီးဦးဌေးလှိုင် ကို
လက်ညှိုးငေါက်ငေါက်ထိုး ဆုံးမသလို ခံစားရပါတယ်တဲ့။ကိုယ်လာတဲ့လမ်း ပြန်ကြည့်ပါ ၊
ကိုယ့်အထုပ်လေးကို ကိုယ် ပြန်ဖြေ ကြည့်ပါတဲ့ ။ ရုပ်မှန်း နာမ် မှန်း မသိပဲ
စားကောင်းသောက်ကောင်းရုံ အပေါ်ယံလောက်သာ တရားကို အားထုတ်သွားခဲ့ရင်၊ အပါယ်ထိုထို
….ဥဒဟို ဆိုတာ သေချာနေပါတယ်..။
တရားစခန်းတွေ
တော့ အသွားများ ပါရဲ့ ၊အားလည်း ထုတ်ပါရဲ့ ၊ တကယ်သိလားဆိုတော့
အပေါ်ယံဖြစ်နေတတ်ပါတယ်။နက်နက်ရှိုင်းရှိုင်း သိဘို့ အင်မတန်အရေးကြီးလှသလို အချိန်လည်း
တိတိကျကျ ပေးပြီး ၊စနစ်ကျစွာ လေ့လာအားထုတ် သင့်လှပါတယ်..။ ကျွန်မ လည်း သေရင်ထားခဲ့
ရမဲ့ ပညာတွေကိုရဘို့ တော့ အချိန်များစွာ ပေးခဲ့မိပြီး၊ သေရင်ပါမဲ့ အထုပ် အတွက်
တော့ *တရားမကြွယ် - အထုပ်ငယ်* နေတာကို နှိုင်းယှဉ် ဆင်ခြင်မိလိုက်ပါတယ်။
ဗုဒ္ဓမြတ်စွာ၊
သာသနာနဲ့ တွေ့ ကြုံတုံးမှာ ထိထိမိမိ ၊ တိတိရိရိလေး သိသွား သင့်လှပါတယ်တဲ့။
ဘာသာ၊
သာသနာအလုပ် ၊ လုပ်တော့လုပ်ပါရဲ့ အပေါ်ယံလေး ပဲလုပ်တယ် အထဲကို
မစူးဘူးတဲ့။(Traditional Belief နဲ့ ပဲ တဲ့ Emotional Level, Devotional Level,
လောက်ပဲ Penetration level ကိုမရောက်ဘူးတဲ့ ) ပကာသန လောက်ပဲလုပ်တာ တဲ့။
ဆရာကြီး
ဦးဌေးလှိုင် ကသူ့ကိုယ်သူ ဆုံးမခဲ့တာပါ။ ဒီသံဝေဂရတာ သူက အသက် ၇၂ နှစ်ရှိခဲ့ပါပြီတဲ့လေ..။နေမကွယ်တောင်
ကိုယ့်သက်တမ်းက ကွယ်တော့မယ်..တဲ့။ တရားဓမ္မ စာအုပ်များစွာ ရေးခဲ့သူ၊ ဓမ္မာစရိယဘွဲ့
ရ၊ ဘုန်းကြီးလည်းဖြစ် ခဲ့ဘူးတယ်။ ပါမောက္ခကြီးလည်းလုပ်ခဲ့တယ်၊
မြန်မာတစ်နိုင်ငံလုံးအတွက် သာသနာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကြီး
လည်းလုပ်ခဲ့ပါတယ်။သို့သာ်…..ကမ္မဋ္ဌာန်းကျောင်း ထဲရောက်ကာ မှ ငါတတ်တာတွေက အလကား
ပါလားလို့ ဆင်ခြင်မိပါသတဲ့။
(လာလမ်းကိုတဲ့ မျှော်ကြည့်စမ်းကွယ်။ပြန်ကြည့်မယ်
နေမဝင်ခင် …ညောင်ညို ရိပ်မှာ ချွေးသိပ် စို့ကွယ်..။)
ညောင်ပင်..ဆိုတာ
ဗုဒ္ဓသာသနာ အထိန်းအမှတ်ပါတဲ့။ သာသနာ တွင်းကို ကုသိုလ်ကပို့ဆောင်လို့ အချိန်ရှိသေးတယ်နော်..တဲ့
။
(ကြည့်စမ်းဟယ် ….ဟိုအနောက်တောင်စွယ်မှာ ဖြင့်….နေကွယ် လုပါပကော)
နေမကွယ်ခင် ၊အလင်းရောင်မဆိတ်သုဉ်းခင်မှာ ညောင်ညိုရိပ် ကို
မခိုဝင်မိရင်တော့ …
အမှောင် ထဲမှာဒုက္ခရောက်တော့မယ်..။ မှောင်နဲ့မည်းမည်း
လရောင်လည်းသဲကွဲမလင်းတယ်..လမ်းပျောက်ပါလိမ့်မယ်တဲ့။
သာသနာတည်းဟူသော
နေမင်းကြီးက မကြာခင်မှာ ကွယ်ပျောက် ပါတော့မယ်တဲ့..။ သာသနာ ကွယ်ပျောက် ရင် ။ ဂေါတမ
မြတ်စွာဘုရားသာသနာကွယ်ရင်..ဒုစရိုက်တရားတွေဖုံးလွှမ်းပြီး
၊လုံးထွေးနေကြတာမှောင်အတိပါတဲ့။ သေသွားရင် အပါယ်ကျမယ်။..အပါယ်လေးဘုံ
စုံကြပါလိမ့်မယ် တဲ့။ ဘဒ္ဒကမ္ဘာ ရဲ့ နောက်ဆုံး အရိမတ္တေယျ မြတ်စွာ ဘုရား
ပွင့်ပေါ်တော်မူ ပြီးလျှင် မှောင်အတိကျတဲ့ သုညကမ္ဘာတွေချည်းပဲရှိပါတယ်တဲ့ ။
နေဝင်ခါနီး လှမ်းတဲ့ စပါးဖျာ.. နာနာမွှေ ရမယ်မဟုတ်ပါလော။….
(အခွင့်ကောင်းတွေ…တစ်ရှောင်ရှောင်
လွဲခဲ့ပြီမို့…)
အကုန်လွဲခဲ့တာပါ..။
ကကုဿန်၊ ကောဏဂုံ၊ ကဿပ ဘုရား၊ဂေါတမဘုရားရှင် တွေနဲ့ မတွေ့မကြုံ မဆုံခဲ့ရ..။
လွဲပြီးရင်းလွဲရင်း..လွဲပြီးရင်း လွဲရင်း အခွင့်ကောင်းတွေ လွဲခဲ့တာ..။ ဘုရားအဆူဆူ
ပွင့်ခဲ့သော်လည်း မကျွတ်လွတ်ခဲ့ပါ..တဲ့ ။ သံသရာ ကိုခဏထားပါအုံး။ အခုဘဝမှာတောင်
၊မြန်မာနိုင်ငံလို သာသနာထွန်းကားတဲ့ တရားနဲ့ လက်လှမ်းတစ်မှီ ရှိတဲ့ နေရာ မှာ
လူဖြစ်ခွင့် ရခဲ့ တာတောင်မှပဲ လယ်တီဆရာတော်၊ ဒီပဲရင်းဆရာတော်၊ ဝေဘူဆရာတော်၊
ညောင်လွန့်ဆရာတော်၊ စွန်းလွန်းဆရာတော် ၊ မိုးညှင်းဆရာတော်၊
မိုးကုတ်ဆရာတော်၊မင်းကွန်းဆရာတော်၊ မြေဇင်းဆရာတော်၊ မဟာစည် ဆရာတော်၊
ရွှေဟင်္သာဆရာတော်၊ ရွှေဥမင်ဆရာတော်၊ မုံလယ်ဆရာတော်၊ စတဲ့ အဘိုးတန် ဆရာတော်ဘုရားကြီး
များစွာ..များစွာ..တို့ကိုကော ဖူးတွေ့ ဘူးခဲ့ ကြပါသလား တရားတွေ ကော
နာယူခဲ့ပါသလား…။ပြန်မေးပါတဲ့….နိုး No, ဆိုရင်တော့ …အခွင့်ကောင်းတွေ အကုန်
လွဲခဲ့ရတာ သေချာတာပေါ့နော်။
လွဲပြီးရင်းလွဲရင်း..လွဲ
ပြီးရင်းလွဲရင်း…သာ၍ လွဲစရာတွေ ကလည်း ရှေ့ မှာ သိပ်ကိုများတာပဲ။
ရှောင်ပြီးရင်းရှောင်ခဲ့ ကြလို့ အခုလို ကျန်ခဲ့ကြတာလည်းပါတာပေါ့နော်..။နေ့ရွှေ့
ညရွှေ့ နဲ့ သား တာဝန်ပြီးမှ သမီးတာဝန် ပြီးမှ ရွှေ့ဆိုင်းတတ်ကြပါသေးတယ်တဲ့။
(ဝင်္ကပါ အထဲ မှောင်ထဲမှာလ…)
ကုန်းမှန်းမသိ၊ကျင်းမှန်းမသိ၊ကွေ့မှန်းမသိ၊ကောက်မှန်းမသိ၊ချောက်မှန်း
မသိ..။မှောင်က အတိကျတော့မယ်။
(တစ်ယောက် ထဲယောင်လည်လည် နဲ့
ခရီးသည်……အို ဘဲ့ သံသရာခရီးသည်…
ခရီးသည် သင့်နောင်ရေးကို..(ကွယ်..)
ပညာရှိသူတော်ကောင်းတွေက တော့ တွေးရစိတ်မော။)
သူတော်ကောင်းတွေက အဲလို သနားတာ။
(မင်းတို့ ငါတို့တွေကတော့ ကန္တာရ ခရီးမှာ
အာရုံငါးပါးတည်း ဟူသော…..
အဆိပ်သီးတွေကို…အဝစား…စားပြီးတော့ ငေးကျအိပ်မော..။)
ဆရာကြီးက
ဘာပဲဖြစ်ဖြစ် တစ်လလောက်တော့ဖြင့် တရားအားထုတ်ကြည့်ပါတဲ့။ငါ လူဖြစ်ကျိုးနပ်သွားပြီ
ဆိုတဲ့ အသိလေးရစေချင်ပါတယ်တဲ့။ဒါဆိုရင် သာသနာနဲ့ ကြုံတွေ့ ရကျိုး နပ်သွားပြီတဲ့။
သောတာပန် ဖြစ်တာတွေမဖြစ်တာ တွေအသာထား သံသရာ ကိုရင်ဆိုင် ရဲ တဲ့ ခွန်အားသတ္တိတွေ..၊
အင်သစ်အားသစ်တွေ မလွဲ မသွေ ရရှိ ပိုင်ဆိုင် လာပါ စေ့မယ်တဲ့။ ကိုယ့်ကိုကို
ကျေနပ်သွား ပါလိမ့်မယ်တဲ့။ အဲဒီလက်ဆောင်လေးကို ပေးချင်တာပါတဲ့။ ကိုယ့်လာခဲ့လမ်း
လေးပြန်ကြည့်ပါ တဲ့ ကိုယ့်အထုပ်လေးလည်း ကိုယ်ဖြေကြည့်ပါတဲ့။
အင်း…ကျွန်မကတော့… ဖြေကြည့်နေမိပါပြီ..။ဘာမှ မရှိသေးပါ လားနော်..။
မေတ္တာဖြင့်
သစ္စာအလင်း
Practise Dhamma before it's too late (တရားမကြွယ်-အထုပ်ငယ်လျှင်) by
Thitsar Ahlin (သစ္စာအလင်း)
No comments:
Post a Comment